ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာဟာ ယမန်နေ့ညမှာပဲ အသင်းရဲ့ တရားဝင် စာချုပ်သစ် ကမ်းလှမ်းမှု တခုကို ငြင်းဆန် ပယ်ချလိုက်ကြောင်း ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

အသက် ၂၉နှစ် အရွယ် အီဂျစ်လက်ရွေးစင် တိုက်စစ်မှူး မိုဟာမက် ဆာလာဟာ လီဗာပူးရဲ့ မရှိမဖြစ် တိုက်စစ်မှူး အဖြစ် ခြေစွမ်းပြ ကစားထားနိုင်သူ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံမှာ ၃၄ပွဲ ပါဝင် ကစားပေးထားရာ ၂၇ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၀ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Goal

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဆာလာက လီဗာပူး ပရိသတ်တွေရဲ့ အချစ်တော် ကစားသမား တဦး ဖြစ်နေပေမယ့် သူနဲ့ လီဗာပူးတို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်ဟာ လာမယ့် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပြီး လီဗာပူးအနေနဲ့ ဆာလာကို စာချုပ်သစ် မချုပ်ဆိုနိုင်ခဲ့ပါက အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ် ရစေရန် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာပဲ သူ့ကို ရောင်းထုတ်ရဖွယ် ရှိပါတယ်။

လက်ရှိအချိန်မှာတော့ လီဗာပူးရဲ့ တာဝန်ရှိသူတွေက ဆာလာရဲ့ အေးဂျင့်နဲ့ တွေ့ဆုံမှုတွေ ဆက်တိုက် ဆိုသလို ပြုလုပ်ကာ စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးပမ်းနေကြပေမယ့် လီဗာပူးဘက်က ဆာလာ တောင်းဆိုထားတဲ့ လုပ်ခလစာ ယူရို ၄သိန်း ဆိုတဲ့ ပမာဏကို ပေးချေလိုခြင်း မရှိသလို စာချုပ်သက်တမ်းကလည်း ဆာလာ တောင်းဆိုထားတဲ့ ၅နှစ်သက်တမ်း မဟုတ်တာကြောင့် ဆာလာနဲ့ သူ့ရဲ့ အေးဂျင့်တို့ဟာ လီဗာပူးရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချလိုက်ကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။

Photo Credit: Goal

ရိုမာနိုရဲ့ ဖော်ပြချက်အရ ဆာလာနဲ့ သူ့ရဲ့ အေးဂျင့်တို့က လီဗာပူးရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချထားပြီး လီဗာပူးအနေနဲ့ ဆာလာကို အသင်းမှာ ဆက်ရှိနေစေချင်ရင် ပိုမို မြင့်မားတဲ့ လုပ်ခလစာ ပေးချေကာ စာချုပ်သစ် ကမ်းလှမ်းရန် လိုအပ်ကြောင်း သိရပါတယ်။