လီဗာပူး အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား မိုဟာမက် ဆာလက်ကတော့ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရာမှာ နက်ဂတစ်အဖြေ ထွက်ခဲ့တာကြောင့် တနင်္လာနေ့မှာ အသင်းနဲ့ အတူ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်တော့မယ်လို့ လီဗာပူး နည်းပြ ဂျာဂျန် ကလော့ပ် က ဆိုလိုက်ပါတယ်။ ဆာလက် ကိုးဗစ် ကူးစက်ခံခဲ့ရတာကတော့ နိုင်ငံတကာ ပွဲစဉ်တွေ ကန်ဖို့ အတွက် အီဂျစ်နိုင်ငံကို ပြန်သွားချိန်က ဖြစ်ပြီး ယခုတစ်ပတ် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ လက်စတာ အသင်းနဲ့ ပွဲစဉ်ကိုလည်း လွဲချော်ခဲ့ရသေးတာ ဖြစ်ပါတယ်။ ဆာလတ် အနေနဲ့ သောကြာနေ့က အင်္ဂလန်ကို ဆေးဝါးပစ္စည်း အစုံ တပ်ဆင်ထားတဲ့ သီးသန့်လေယာဉ်နဲ့ အတူ ပြန်လာခဲ့ပြီးတဲ့နောက် ပိုးရှိ ၊ မရှိ စစ်ဆေးရာမှာ နက်ဂတစ် ထွက်ခဲ့တာကြောင့် အခုလို အသင်းနဲ့ အတူ အမြန်ဆုံး လေ့ကျင့်ရေး ဆင်းနိုင်တာ ဖြစ်ပါတယ်။

Photo Credit: Mirror

လီဗာပူး နည်းပြ ဂျာဂျန် ကလော့ပ် ကတော့ ဆာလတ် အနေနဲ့ အသင်းနဲ့ အတူ လေ့ကျင့်ရေး ဆင်းနိုင်တော့မှာ ဖြစ်ကြောင်းနဲ့ ဗုဒ္ဓဟူးနေ့မှာ ယှဉ်ပြိုင်ကစားမယ့် အတ္တလန်တာ နဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ပြန်လည် ပါဝင်လာနိုင်တော့မှာ ဖြစ်တဲ့ အကြောင်းကို သတင်းစာရှင်းလင်းပွဲမှာ အခုလိုပဲ ပြောဆိုခဲ့ပါတယ်။ “ ဒါ ကျွန်တော် အကြားချင်ဆုံး စကားပဲ။ ဟုတ်ပါတယ်။ သူ ဒီနေ့ နက်ဂတစ် အဖြေ ထွက်ပါတယ်။ စစ်ဆေးရာမှာ သူ့အနေနဲ့ အတော်လေး သက်သာနေပြီလို့ ကျွန်တော် ထင်ပါတယ်။ မနက်ဖြန်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲ အတွက် ကျွန်တော်တို့ အကုန် လုံး လေ့ကျင့်ခန်း ဆင်းကြပါမယ်။ သူ အဲ့ဒီ ပွဲမှာ ပါဝင်နိုင်မယ်လို့ ကျွန်တော် အသေအချာ ပြောရဲပါတယ်။ သူ မနက်ဖြန်မှာ ကျွန်တော်တို့ နဲ့ အတူ လေ့ကျင့်ခန်း ဆင်းနိုင်တော့မယ်။ ဒီလောက်ပါပဲ။ နောက်နှစ်ရက်နေရင် သူ စစ်ဆေးမှု နှစ်ခါ ခံယူရပါမယ်။ ကျွန်တော်တို့ အားလုံးနဲ့ အတူ သူ စစ်ဆေးမှု ခံယူရမှာပါ ” လို့ ပြောဆိုသွားပါတယ်။

Photo Credit: Mirror

ဆာလက် အနေနဲ့ လီဗာပူး အသင်းထံ ၂၀၁၇ ခုနှစ် စတင် ရောက်ရှိတဲ့ အချိန်ကတည်းကနေ အခုချိန်ထိ ဆာလက်ဟာ ပရီးမီးယားလိဂ် ၇ ပွဲသာလျှင် လွဲချော်ဖူးတာ ဖြစ်ပါတယ်။ ဆာလက်မပါတဲ့ တိုက်စစ်နဲ့ လီဗာပူး တို့ နိုင်ပွဲတွေ ရှာဖွေနိုင်ခဲ့ပေမယ့်လည်း အနိုင်ရရှိမှု ရာခိုင်နှုန်းကလည်း ဆာလက်ပါဝင်ချိန် က ၇၃.၃ ရာခိုင်နှုန်းရှိခဲ့ပြီး ဆာလက်မပါဝင်ချိန်မှာတော့ ၅၇.၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။ ဂိုးသွင်းနှုန်းကလည်း ၂.၃ ကနေ ၁.၉ ရာခိုင်နှုန်း ထိ ကျဆင်းခဲသလို တစ်ပွဲပျမ်းမျှ အမှတ်ရရှိနှုန်းကလည်း ၂.၄ ကနေ ၂.၁ အထိ ကျဆင်းခဲ့ရပါတယ်။ လီဗာပူး အသင်း က လက်စတာ ကို အိမ်ကွင်းမှာ ဂိုးအပြတ်သတ်နဲ့ နိုင်ခဲ့တာကြောင့် အသင်းအနေနဲ့ အိမ်ကွင်း ၅ ပွဲဆက် အနိုင်ရရှိတဲ့ စံချိန်ကို ဆက်လက် ထိန်းသိမ်းသွားနိုင်‌ခဲ့ပါတယ်။ ဆာလက် ပြန်လည် ပါဝင်လာပြီ ဖြစ်တဲ့ သတင်းဟာ လီဗာပူး နည်းပြ ကလော့ပ် အတွက်တော့ မင်္ဂလာ အရှိဆုံး သတင်းလို့တောင် ဆိုရမှာပါ။