လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကစားသမား မိုဟာမက်ဆာလာက သူ့ကို ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့လို စပိန်လာလီဂါ ထိပ်တန်းကလပ်အသင်းကြီးတွေက ခေါ်ယူဖို့အတွက် အပြိုင်စိတ်ဝင်စားခဲ့ကြပေမယ့် သူကတော့ လီဗာပူးလ်မှာပဲ ဆက်လက်ရှိနေချင်သေးကြောင်း အနာဂတ်က ဘာတွေဖြစ်လာမလဲဆိုတာကို ဘယ်သူမှ မသိနိုင်ပေမယ့်လည်း သူကတော့ လီဗာပူးလ်အသင်းမှာဆက်နေပြီး ကလပ်အသင်းအတွက် အောင်မြင်မှုတွေများစွာရယူကာ စံချိန်တွေများစွာကိုလည်း ရိုက်ချိုးချင်သေးတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

အနာဂတ်အခြေအနေတွေနဲ့ပတ်သက်ပြီး ဆာလာက “ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့က တကယ့်ကို ထိပ်တန်းအသင်းကြီး(၂)သင်းလို့ ကျွန်တော်ထင်ပါတယ်။ အနာဂတ်မှာ ဘာတွေဖြစ်လာနိုင်မလဲဆိုတာကို ဘယ်သူက သိမှာလဲ။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ကျွန်တော်က လီဗာပူးလ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ကိုရော ချန်ပီယံလိဂ်ဆုဖလားကိုပါ ထပ်မံပိုင်ဆိုင်နိုင်ဖို့အတွက်ကိုပဲ အာရုံစိုက်နေပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် မေးခွန်းမေးမြန်းသူက ဆာလာအနေနဲ့ လီဗာပူးလ်အသင်းမှာ အချိန်ဘယ်လောက်ကြာတဲ့အထိ ပါဝင်ကစားသွားမလဲလို့ ထပ်မံမေးမြန်းလာခဲ့ရာ ဆာလာက “ဒါက ခက်ခဲတဲ့ မေးခွန်းတစ်ခုပါ”

Photo Credit : Liverpool FC

“ဒါပေမယ့် ကျွန်တော်အခု ပြောဆိုလို့ရနိုင်တာတစ်ခုကတော့ အရာအားလုံးဟာ ကလပ်အသင်းရဲ့လက်ထဲမှာပဲ ရှိနေတယ်ဆိုတာပါ။ ကျွန်တော်ဒီမှာ စံချိန်တွေများစွာကို ရိုက်ချိုးသွားချင်ပါသေးတယ်။ ကျွန်တော်ထပ်ပြီး ပြောချင်ပါတယ် စံချိန်တွေအားလုံးကို ရိုက်ချိုးသွားချင်ပါတယ်။ ဒါပေမယ့် အရာအားလုံးက ကလပ်အသင်းတွေအပေါ်မှာ မူတည်နေတာပါ” လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဆာလာဟာ ဒီနှစ်ဘောလုံးရာသီမှာ လီဗာပူးလ်အသင်းအတွက် သွင်းဂိုးအများဆုံး ရယူထားခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ပရီးမီးယားလိဂ်မှာလည်း သွင်းဂိုး(၁၁)ဂိုးအထိ သွင်းယူလို့ထားပါတယ်။ အသက်(၂၈)နှစ်အရွှယ်ရှိ အီဂျစ်လက်ရွေးစင် တိုက်စစ်ကစားသမားဆာလာဟာ ၂၀၁ရခုနှစ်ကမှ ရိုးမားအသင်းကနေ လီဗာပူးလ်ဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး သူ့အတွက် အခွင့်အရေးကောင်းတွေကို မပိုင်ဆိုင်ခဲ့လောက်ရတဲ့ အင်္ဂလန်မြေဆီ တကျော့ပြန်ရောက်လာခဲ့ချိန်မှာ ဆာလာဟာ World Class အဆင့် ခြေစွမ်းမျိုးတွေ ပြသခဲ့ပြီး လီဗာပူးလ်အသင်းနဲ့ ဆုဖလားတွေများစွာ ပိုင်ဆိုင်ခဲ့သလို တစ်ဦးချင်းအောင်မြင်မှုတွေ သိမ်းပိုက်ရယူနိုင်ခဲ့ပါတယ်။ သူနဲ့ လီဗာပူးလ်အသင်းတို့ကြားက စာချုပ်သက်တမ်းကတော့ လာမယ့် ၂၀၂၃ခုနှစ်အထိ ကျန်ရှိနေပါသေးတယ်။