ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ အဓိက တိုက်စစ်မှူး ဆာလာ ကတော့ ဘရန့်ဖို့ဒ်အသင်းနဲ့ လီဗာပူးအသင်းတို့ တဖက် ၃ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် လီဗာပူးအသင်းရဲ့ သမိုင်းတလျှောက် ပရီးမီးယားလိဂ် သွင်းဂိုး ၁၀၀ အမြန်ဆုံး ပြည့်ခဲ့တဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

ဘရန့်ဖို့ဒ်အသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်ဟာ အတော်လေးကို အကြိတ်အနယ် ရှိခဲ့ပြီး ပရိသတ်တွေ အတွက် ဖျော်ဖြေမှု ပေးနိုင်တဲ့ ပွဲကောင်းတပွဲ ဖြစ်ခဲ့ကာ ဘရန့်ဖို့ဒ်အသင်းက လီဗာပူးအသင်းရဲ့ သွင်းဂိုးတွေကို နှစ်ကြိမ်တိုင်တိုင် လိုက်လံ ချေပနိုင်ခဲ့ကာ သရေတမှတ်နဲ့ ထိုက်တန်တဲ့ ခြေစွမ်းကောင်း တရပ်ကို ပြသနိုင်ခဲ့ပါတယ်။

Photo Credit: Express

အဆိုပါပွဲစဉ်မှာ ဘရန့်ဖို့ဒ်အသင်း အတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၂၇မိနစ်မှာ ပင်နော့ခ် ၊ ပွဲကစားချိန် ၆၃မိနစ်မှာ ဂျာနက် ၊ ပွဲကစားချိန် ၈၂မိနစ်တို့မှာ ဝစ်ဆာတို့က သွင်းယူပေးခဲ့တာ ဖြစ်ပြီး လီဗာပူးအသင်း အတွက် သွင်းဂိုးတွေကိုတော့ ပွဲကစားချိန် ၃၁မိနစ်မှာ ဂျိုတာ ၊ ပွဲကစားချိန် ၅၄မိနစ်မှာ ဆာလာနဲ့ ပွဲကစားချိန် ၆၇မိနစ်မှာ ကာတစ်ဂျုံးစ်တို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

ဘရန့်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးဟာ ဆာလာရဲ့ လီဗာပူး ကစားသမားဘဝ ၁၀၀ဂိုးမြောက် ပရီးမီးယားလိဂ် သွင်းဂိုး ဖြစ်ခဲ့ပြီး ဆာလာဟာ ပရီးမီးယားလိဂ်မှာ ၁၅၁ပွဲ ကစားပြီးချိန်မှာပဲ ယခုလို သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့တာကြောင့် လီဗာပူးအသင်းရဲ့ သမိုင်းတလျှောက် ပရီးမီးယားလိဂ် သွင်းဂိုး ၁၀၀ကို အမြန်ဆုံး ပြည့်ခဲ့တဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Express

ဆာလာရဲ့ အရှေ့မှာ ဒီစံချိန်ကို ပိုင်ဆိုင်ထားတဲ့ ကစားသမား ကတော့ လီဗာပူးအသင်းရဲ့ ဂန္တဝင် ကစားသမားကြီး ရော်ဂျာဟောင့်ခ် ဖြစ်ပြီး ရော်ဂျာဟောင့်ခ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၅၂ပွဲ ကစားပြီးချိန်မှ သွင်းဂိုး ၁၀၀ ပြည့်ခဲ့တာကြောင့် ဆာလာဟာ ရော်ဂျာဟောင့်ခ်ထက် တပွဲလျော့တဲ့ အနေအထားနဲ့ စံချိန်သစ် တင်နိုင်ခဲ့တာပါ။