ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ မိုဟာမက် ဆာလာ ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူး ၃-၁ နောဝှစ်ချ် ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် လီဗာပူး ကစားသမားဘဝမှာ ပြိုင်ပွဲစုံ စုစုပေါင်း သွင်းဂိုး ၁၅၀ ပြည့်သွားခဲ့ကြောင်း သိရပါတယ်။

လီဗာပူးဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၂၆) အဖြစ် နောဝှစ်ချ်ကို အိမ်ကွင်း အန်ဖီးလ်မှာ ဧည့်ခံ ကစားခဲ့ရာ ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပေမယ့် မာနေး ၊ ဆာလာနဲ့ ကစားသမားသစ် ဒီယက်ဇ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Fot Mob

လီဗာပူးဟာ နောဝှစ်ချ်ကို အနိုင်ရခဲ့ချိန်မှာ တဖက်မှာတော့ သူတို့ရဲ့ ချန်ပီယံလုဘက် မန်ချက်စတာ စီးတီးက စပါးကို အိမ်ကွင်းမှာ ၂-၃ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရတာကြောင့် ဒီနိုင်ပွဲဟာ သူတို့အသင်း အတွက် အတော်လေးကို အရေးပါတဲ့ နိုင်ပွဲတပွဲ ဖြစ်ခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် လီဗာပူးနဲ့ အီဂျစ်တို့ရဲ့ အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာကတော့ နောဝှစ်ချ်နဲ့ ပွဲစဉ်မှာ အသင်းအတွက် အရေးပါတဲ့ ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် သူ့ရဲ့ လီဗာပူး ကစားသမား ဘဝ ပြိုင်ပွဲစုံ သွင်းဂိုးဟာ စုစုပေါင်း ၁၅၀ဂိုး အထိ ရှိလာခဲ့ပါတယ်။

Photo Credit: Fot Mob

ဆာလာကတော့ လီဗာပူးလို အစဉ်အလာ ကြီးမားတဲ့ အသင်းတသင်းရဲ့ သမိုင်းတလျှောက် ဂိုးသွင်း အများဆုံး ကစားသမား စာရင်းထဲမှာ ပါဝင်ခွင့် ရလို့ အတော်လေးကို ပျော်ရွှင်နေပြီး လီဗာပူး အတွက် သွင်းဂိုး ၁၅၀ဂိုး အထိ သွင်းပေးနိုင်ခဲ့လို့ ဂုဏ်ယူမိကြောင်းလည်း နောဝှစ်ချ်နဲ့ ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

ဆာလာက – “ဒီပွဲမှာ အနိုင်ရခဲ့တဲ့ အတွက် အတော်လေးကို ကျေနပ်မိပါတယ်။ ကျွန်တော်တို့က ဒုတိယပိုင်း အစမှာပဲ ပေးဂိုး တဂိုး ခွင့်ပြုလိုက်ရတာကြောင့် အနည်းငယ် ရုန်းကန်လိုက်ရပေမယ့် ပထမပိုင်းမှာတော့ ကျွန်တော်တို့ရဲ့ ကစားပုံက အတော်လေး ကောင်းခဲ့တယ်လို့ ထင်ပါတယ်။ ပေးဂိုး ခွင့်ပြုပေးလိုက်ရပြီးနောက် ကျွန်တော်တို့တွေက ခက်ခဲတဲ့ ပွဲတပွဲကို ကစားလိုက်ရပေမယ့် အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်ရဲ့ လီဗာပူး ကစားသမားဘဝ သွင်းဂိုး ၁၅၀ အထိ ပြည့်သွားလို့လည်း အတော်လေး ပျော်နေပါတယ်။ ကျွန်တော်က လီဗာပူး အတွက် သွင်းဂိုးတွေ သွင်းယူပေးနိုင်ခဲ့ရလို့လည်း ဝမ်းသာ ဂုဏ်ယူမိပါတယ်။ အရေးအကြီးဆုံး ကတော့ အသင်းအနိုင်ရနေဖို့ပါပဲ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။