ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ အင်တာမီလန်ကို ၀-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် သူတို့အသင်းရဲ့ ကစားသမားတွေဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေခဲ့ကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

လီဗာပူးဟာ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်အဖြစ် အင်တာမီလန်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် ဒုတိယအကျော့ အဖြစ် အိမ်ကွင်း အန်ဖီးလ်မှာ အင်တာမီလန်ကို ဧည့်ခံကစားရာမှာလည်း သက်တောင့်သက်သာ အနိုင်ရရှိမယ် လို့ ထင်ခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ဧည့်သည် အင်တာမီလန်ရဲ့ ခပ်ကြမ်းကြမ်း ကစားပုံကြောင့် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရသလို အရှုံးလည်း ပေးခဲ့ရပါတယ်။

Photo Credit: Marca

အန်ဖီးလ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူးဟာ အင်တာမီလန်ကို ပွဲစပွဲဆုံး ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် ယခင်ပွဲတွေကလောက် ခြေစွမ်းပိုင်း ကျစ်လျစ် သိပ်သည်းမှု မရှိတော့သလို ကစားသမားတွေကလည်း မကြာခဏ ဆိုသလို အမှားတွေ လုပ်ခဲ့ကြပါတယ်။

ဒါကြောင့်ပဲ လီဗာပူး ၀-၁ အင်တာမီလန် ပွဲစဉ်အပြီးမှာတော့ လီဗာပူး တိုက်စစ်မှူး မိုဟာမက် ဆာလာက သူတို့ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့စိတ် လွန်ကဲမိခဲ့ကြောင်းနဲ့ အင်တာမီလန်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်က သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကို ပြင်ဆင်ပေးနိုင်မယ့် ပွဲတပွဲ အဖြစ် ရှုမြင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Marca

 

ဆာလာက – “ဒီပွဲက အတော်လေးကို ခက်ခဲခဲ့တဲ့ ပွဲတပွဲပါ။ အင်တာမီလန်က အဝေးကွင်းမှာ လာကစားနေရတာတောင် အတော်လေးကို ကစားပုံ ကောင်းခဲ့ပြီး ကျွန်တော်တို့က ပထမပိုင်းမှာ ခြေစွမ်းပြ ကစားနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့က ဘောလုံးပိုင်ဆိုင်မှု ပိုမို အသာစီးရခဲ့ပါတယ်။ အရေးအကြီးဆုံးက ကျွန်တော်တို့အသင်း နောက်တဆင့်ဆီ တက်လှမ်းနိုင်ဖို့ပါပဲ။ ကျွန်တော်တို့တွေ ပွဲတပွဲကို ရှုံးနိမ့်ခဲ့ပေမယ့် ဒီပွဲမှာ လေ့လာ သင်ယူစရာတွေ အများကြီး ရှိခဲ့ပါတယ်။ ကျွန်တော်တို့တွေက ဒီပွဲမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့စိတ် လွန်ကဲခဲ့ပုံ ရပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။