ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာကတော့ မကြာသေးမီကမှ ပြီးဆုံးသွားခဲ့တဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ သူတို့အသင်းကို အနိုင်ရသွားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ထက် သူတို့အသင်းကသာ ချန်ပီယံလိဂ်ဖလားနဲ့ ပိုမို ထိုက်တန်ခဲ့ကြောင်း မချိတင်ကဲ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

စပိန်လာလီဂါ ချန်ပီယံ ရီးရဲလ်မက်ဒရစ်နဲ့ ကာရာဘောင်းဖလား ၊ အက်ဖ်အေဖလားတို့ကို အရယူထားတဲ့ လီဗာပူးတို့ဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ထိပ်တိုက် တွေ့ဆုံခဲ့ကြရာ လာလီဂါ ချန်ပီယံ ရီးရဲလ်မက်ဒရစ်က တောင်ပံတိုက်စစ် ကစားသမား ဗီနီးစီးယပ်စ်ရဲ့ တလုံးထဲသော အနိုင်ဂိုးနဲ့အတူ လီဗာပူးကို အနိုင်ယူကာ သူတို့အသင်းရဲ့ ၁၄ကြိမ်မြောက် ချန်ပီယံလိဂ် ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

Photo Credit: Sportbible

ပြင်သစ်မြေမှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က အနိုင်ရသွားခဲ့ပေမယ့် တကယ်တမ်း ပွဲအတွင်းမှာ အကောင်းဆုံး ခြေစွမ်းတွေ ရခဲ့တာက လီဗာပူး ဖြစ်ပြီး လီဗာပူးက ပွဲစပွဲဆုံး ရီးရဲလ်မက်ဒရစ်ကို တရစပ် တိုက်စစ်ဆင် ကစားနိုင်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ် ဂိုးသမား ကော်တိုရစ်က မှော်ဝင်လက်စွမ်းတွေကို ပိုင်ဆိုင်ခဲ့တာကြောင့် လီဗာပူးရဲ့ ကန်သွင်းချက်တွေ အားလုံးကို ကာကွယ် တားဆီးနိုင်ခဲ့ကာ ရီးရဲလ်မက်ဒရစ်ကို ချန်ပီယံ ဖြစ်အောင် ကူညီသွားနိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ကော်တိုရစ်ပြီးရင် အကောင်းမွန်ဆုံး စွမ်းဆောင်ရည်ကို ထုတ်ပြနိုင်ခဲ့တဲ့ ကစားသမား အဖြစ် သတ်မှတ်ခံထားရတဲ့ မိုဟာမက် ဆာလာက ခြေစွမ်းပိုင်းအရ ယှဉ်ကြည့်ရင် သူတို့အသင်းကသာ ချန်ပီယံလိဂ်ဖလားနဲ့ ထိုက်တန်ခဲ့တာ ဖြစ်ပြီး ကော်တိုရစ်ကြောင့်သာ ရီးရဲလ်မက်ဒရစ်ဟာ ကံကောင်းထောက်မစွာနဲ့ ချန်ပီယံလိဂ်ဖလားကို ရရှိသွားခဲ့တာပါလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Sportbible

ဆာလာက – “ကျွန်တော်တို့ကသာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ နိုင်ပွဲနဲ့ ထိုက်တန်ခဲ့တာပါ။ ကျွန်တော်တို့က သူတို့ထက်လည်း ဂိုးသွင်းခွင့်တွေ အများကြီး ပိုရခဲ့ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း ဂိုးသွင်းယူနိုင်မယ့် အခွင့်အရေးတွေ ၂ကြိမ် ၊ ၃ကြိမ် ရခဲ့ပါသေးတယ်။ ဒါပေမယ့် ကော်တိုရစ်က မယုံနိုင်စရာကောင်းတဲ့ ကာကွယ်မှုတွေ လုပ်သွားခဲ့ပါတယ်။ သူ့ကြောင့်ပဲ ရီးရဲလ်မက်ဒရစ်က ဆုဖလားကို ရရှိသွားတာပါ။ ရီးရဲလ်မက်ဒရစ်ကလည်း အဲ့ဒီလို ကာကွယ်မှုတွေ လုပ်ပေးဖို့ သူ့ကို ခေါ်ယူခဲ့တာလေ။ အဲ့ဒီညက သူ့ရဲ့ညပါပဲ” လို့ မချိတင်ကဲ ထုတ်ပြောလာခဲ့တာပါ။