ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလက်ဟာ အသင်းဘက်က သူ့ကို စာချုပ်သစ် ချုပ်ဆိုချင်ပါက အသင်းရဲ့ သမိုင်းတလျှောက် စံချိန်တင် လုပ်ခလစာ ဖြစ်တဲ့ တပတ်လုပ်ခ ပေါင်၅သိန်း အထိ ပေးရမယ်လို့ တောင်းဆိုထားကြောင်း သိရပါတယ်။

အသက် ၂၉နှစ် အရွယ် အီဂျစ်လက်ရွေးစင် အသင်းခေါင်းဆောင် ဆာလက်ဟာ ၂၀၁၇ခုနှစ်မှာ ရိုးမားအသင်း ကနေ လီဗာပူးအသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၄၂သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံမှာ ၂၀၆ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၂၇ဂိုး သွင်းယူထားကာ ဂိုးဖန်တီးမှု ၄၉ကြိမ်အထိ ပြုလုပ်ထားနိုင်သူပါ။

Photo Credit: Team Talk

ဒါကြောင့်ပဲ လီဗာပူးအသင်းနဲ့ ခြေစွမ်းပြနေတဲ့ ဆာလက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဥရောပ ထိပ်သီး အသင်းတွေ အများအပြား ရှိနေပြီး လီဗာပူးအသင်း ကတော့ အသင်းနဲ့ စာချုပ်သက်တမ်း ၂နှစ်သာ ကျန်တော့တဲ့ တိုက်စစ်မှူး ဆာလက်ကို စာချုပ်သစ် ချုပ်ဖို့ ကြိုးစားနေပါတယ်။

လက်ရှိမှာတော့ လီဗာပူးအသင်းနဲ့ ဆာလက်တို့ရဲ့ ကြားမှာ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ်နေပေမယ့် တိုးတက်မှုတွေ နှေးကွေးနေပြီး ဆာလက်ဟာ စာချုပ်သစ်မှာ တပတ် လုပ်ခလစာ ပေါင် ၅သိန်း အထိ လိုချင်နေတာကြောင့် စာချုပ်သစ် အတွက် သဘောတူညီမှု ရဖို့ ခက်ခဲနေတာပါ။

Photo Credit: Team Talk

လီဗာပူးအသင်းရဲ့ ယခုလက်ရှိ လုပ်ခလစာ အများဆုံး ကစားသမားဟာ အဓိက နောက်ခံလူ ဗန်ဒိုက် ဖြစ်ပြီး ဗန်ဒိုက်ဟာ တပတ် လုပ်ခလစာ ပေါင် ၂၂၀၀၀၀သာ ရရှိနေသူ ဖြစ်တာကြောင့် ဆာလက် တောင်းဆိုတဲ့ လုပ်ခလစာဟာ ငွေကြေးကို ချွေတာ သုံးစွဲနေရတဲ့ လီဗာပူးအသင်း အတွက် ပေးချေဖို့ ခက်ခဲတဲ့ ပမာဏ တခု ဖြစ်ကြောင်း လီဗာပူးမြို့ အခြေစိုက် သတင်းဌာနတွေက ဆိုထားကြပါတယ်။

ဒါပေမယ့် ဆာလက်ဘက်က ပြန်ကြည့်ရင်လည်း လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေ ဖြစ်တဲ့ ဒီဘရိုင်း ၊ ရိုနယ်ဒို ၊ ဒီဂီယာ ၊ ပေါ့ဘာ စတဲ့ ကစားသမားတွေဟာ တပတ်လုပ်ခလစာ ပေါင် ၄သိန်း ဝန်းကျင် ရရှိနေတာကြောင့် သူ့ရဲ့ လုပ်ခလစာ ပမာဏကို မြှင့်တင်ချင်တာဟာ မှားယွင်းနေတဲ့ အချက်တခုတော့ မဟုတ်ပါဘူး။