မနေ့ညက အိုးထရက်ဖိုဒ့်ကွင်းအတွင်း ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ အင်္ဂလန်ဒါဘီပွဲစဉ်အတွင်းမှာ လီဗာပူးလ်အတွက် ဟက်ထရစ်ပါ သွင်းယူနိုင်ခဲ့တဲ့ အဓိက တိုက်စစ်ကစားသမား မိုဟာမက်ဆာလာဟာ အခုပွဲစဉ်အတွင်းမှာ သွင်းဂိုးတွေ ရယူနိုင်ခဲ့တာကြောင့် စံချိန်မှတမ်းတမ်းကောင်းတွေကို ပိုင်ဆိုင်နိုင်ခဲ့ပေမယ့် လီဗာပူးလ်ကစားသမားဟောင်းကြီး ဂရေမီဆောင်းနက်စ်က ဆာလာဟာ အရမ်းကို တစ်ကိုယ်ကောင်းဆန်တဲ့ ကစားသမားတစ်ယောက်လို့သာ ယူဆပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၉)နှစ်အရွှယ်ရှိ အီဂျစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဆာလာဟာ ၂၀၁၇ခုနှစ်ကမှ လီဗာပူးလ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း(၂၁၄)ပွဲ ပါဝင်ကစားထားပြီးနောက် သွင်းဂိုး(၁၃၇)ဂိုးအထိကို သွင်းယူထားနိုင်ခဲ့သလို အသင်းနဲ့လည်း ဆုဖလား အောင်မြင်မှုများစွာကို ရယူနိုင်ခဲ့ပါတယ်။ ဒီရာသီမှာလည်း အသင်းအတွက် (၁၀)ပွဲဆက်တိုက်အထိပါ သွင်းဂိုးရယူထားနိုင်ခဲ့တဲ့ ဆာလာကို လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်နေတယ်လို့ မှတ်ချက်ပြုထားခဲ့ပေမယ့်လည်း အသင်းကစားသမားဟောင်းကြီး ဆောင်းနက်စ်ကတော့ ဆာလာဟာ တစ်ကိုယ်ကောင်းဆန်တတ်တဲ့သူ ဖြစ်တယ်လို့ သုံးသပ်လာခဲ့ပါတယ်။

Photo Credit : Football365

ဆောင်းနက်စ်က “မိုဟာမက်ဆာလာက ဒီရာသီအတွင်းမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက်လို ဖြစ်နေရတယ်ဆိုတဲ့ ယာဂန်ကလော့ပ်ရဲ့ ပြောစကားနဲ့ပတ်သက်ပြီး ကျွန်တော် ဒါကို ထောက်ခံပါတယ်။ သူက ကျွန်တော် မြင်ဖူးခဲ့သမျှ ကစားသမားတွေထဲမှာ အရမ်းကို လောဘကြီးလွန်းတဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ထိပ်သီးကစားသမားတွေ အားလုံးမှာ ဒီအချက်က ပါဝင်နေကြတယ်ဆိုပေမယ့်လည်း သူက အရမ်းကို တစ်ကိုယ်ကောင်းဆန်လွန်းပါတယ်။ သူ့အတွက်က သူဂိုးရနိုင်မယ့် ပစ်မှတ်တွေက အရမ်းအရေးကြီးတယ်။ နောက်ပြီး သူက ဖြစ်နိုင်ခြေနည်းတဲ့ နေရာတွေကနေ ဂိုးတွေကို လှမ်းသွင်းယူနိုင်တတ်တယ်။ ဒါက သူ့အသင်းဖော်တွေအတွက်တော့ စိတ်ပျက်စရာ ဖြစ်စေနိုင်တယ်။ အထူးသဖြင့် မာနေးပေါ့။ တခြားကစားသမားသမားတွကတော့ ဒါကို လက်ခံကြလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူက အရမ်းကောင်းလွန်းနေတာကို။ သူ့ကို အရမ်းတစ်ကိုယ်ကောင်းဆန်လွန်းတယ်လို့ ထင်နေရတဲ့ ကျွန်တော်ကိုယ်တိုင်ကတောင် ချီးကျူးမိနေရသေးတယ်။ ဘာကြောင့်လဲဆိုတော့ သူက ဂိုးသွင်းစက်တစ်ခု ဖြစ်နေရတယ်။ ဒါကြောင့် သူ့ကို ဝေဖန်ဖို့ဆိုတာ ခက်ခဲပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။