ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ မိုဟာမက် ဆာလာကတော့ သူဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ဖြစ်နေပြီလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် အီဂျစ်လက်ရွေးစင် တိုက်စစ်မှူး မိုဟာမက် ဆာလာဟာ ရိုးမားကနေ လီဗာပူးထံ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းရဲ့ မရှိမဖြစ် တိုက်စစ်မှူး တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ၅ဦး စာရင်းဝင်သူလည်း ဖြစ်ပါတယ်။

Photo Credit: Sky Sports

ဆာလာဟာ ယခုနှစ် ဘောလုံးရာသီမှာ လီဗာပူး အတွက် ပြိုင်ပွဲစုံ ၄၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃၀ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁၅ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဒီနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရရှိဖို့ ရေပန်းစားနေတဲ့ ကစားသမားတွေထဲလည်း ပါဝင်နေပါတယ်။

ဒါပေမယ့် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရရှိဖို့ အတွက် ဆာလာက အသင်းဖော် တိုက်စစ်မှူး မာနေး ၊ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ကာရင် ဘန်ဇီမာတို့နဲ့ အဓိက ပြိုင်ဆိုင်ရဖို့ ရှိနေပြီး ဆာလာကတော့ သူဟာ လက်ရှိအချိန်မှာ ကမ္ဘာပေါ်က ဘယ်လိုတိုက်စစ်မှူးမျိုးနဲ့မဆို ယှဉ်ပြိုင်နိုင်စွမ်း ရှိသလို သူကသာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ဖြစ်ကြောင်း ကြွေးကြော်သွားခဲ့ပါတယ်။

Photo Credit: Sky Sports

ဆာလာက – “တကယ်လို့ ခင်ဗျားတို့က ကျွန်တော့်ကို အသင်းဖော် တိုက်စစ်မှူးတွေနဲ့တင် မဟုတ်ပဲ တခြား ကမ္ဘာအရပ်ရပ်က တိုက်စစ်မှူးတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် ကျွန်တော်က အကောင်းဆုံး တိုက်စစ်မှူး ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်” လို့ ခပ်ဝင့်ဝင့် ကြွေးကြော်သွားခဲ့တာပါ။