ပရီးမီးယားလိဂ် ထိပ်သီးကလပ် လီဗာပူးက သူတို့အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး မိုဟာမက် ဆာလာဟာ အသင်းနဲ့ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ကြောင်း ယမန်နေ့ညမှာပဲ တရားဝင် ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။

အသက် ၃၀ အရွယ် အီဂျစ် လက်ရွေးစင် တိုက်စစ်မှူး မိုဟာမက် ဆာလာက ရိုးမားကနေ လီဗာပူးထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ မရှိမဖြစ် တိုက်စစ်မှူး တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သူ ဖြစ်ပြီး သူက လီဗာပူးအတွက် ပြိုင်ပွဲစုံ ၂၅၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၅၆ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၆၃ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ဆာလာနဲ့ လီဗာပူးတို့ရဲ့ ကြားမှာ ရှိနေတဲ့ ယခင် စာချုပ်ဟောင်းက သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့တာကြောင့် လီဗာပူးက သူတို့ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး မိုဟာမက် ဆာလာကို တပတ် လုပ်ခလစာ ပေါင် ၄သိန်း အထိ ပေးချေကာ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တာ ဖြစ်ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆာလာက စာချုပ်သစ်ကြောင့် လီဗာပူးမှာ တပတ် လုပ်ခလစာ ပေါင် ၄သိန်း အထိ ရရှိဖို့ ရှိနေပြီး ဆာလာက အဆိုပါ လုပ်ခလစာကြောင့်ပဲ မန်ချက်စတာ စီးတီး ကြယ်ပွင့် ကယ်ဗင် ဒီဘရိုင်းနဲ့ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် ခရစ္စတီယာနို ရိုနယ်ဒိုတို့ကို ကျော်ဖြတ်ကာ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ လုပ်ခလစာ အများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

Photo Credit: Sky Sports

တချို့ သတင်းဌာနတွေကတော့ ဆာလာဟာ တပတ် လုပ်ခလစာ ပေါင် ၃သိန်းခွဲသာ ရရှိမယ်လို့ ဖော်ပြထားကြပေမယ့် လီဗာပူးနဲ့ နီးစပ်သူတွေက ဆာလာရဲ့ အခြေခံ လုပ်ခလစာဟာ တပတ် ပေါင် ၃သိန်းခွဲ ဖြစ်ပေမယ့် ဆာလာက ပွဲကစားရမှု ၊ ဂိုးသွင်းယူနိုင်မှု ၊ ဂိုးဖန်တီးနိုင်မှုနဲ့ အသင်းနိုင်ပွဲရမှု စတဲ့ အရာတွေ အတွက် အပိုဆုကြေးတွေ ထပ်မံ ရရှိဖို့ ရှိနေတာကြောင့် ဆာလာရဲ့ လုပ်ခလစာဟာ တပတ်ကို ပေါင် ၄သိန်းကျော် အထိ အမြင့်ဆုံး ရောက်ရှိသွားနိုင်ကြောင်း ဆိုထားကြပါတယ်။