ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာ ကတော့ သူဟာ ယမန်နေ့ညမှာ ချယ်လ်ဆီးနဲ့ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ ပေါင်ခြံဒဏ်ရာ ရခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင် ကစားရမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ဝင်ရောက် ကစားနိုင်ဖို့ သေချာကြောင်း ပရိသတ်တွေကို သတင်းကောင်း ပြောပြသွားခဲ့ပါတယ်။

လီဗာပူးနဲ့ ချယ်လ်ဆီးတို့ဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲကို ဝင်ဘလေကွင်းထဲမှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ သာမန် ပွဲကစားချိန် အတွင်းမှာ တဖက်နဲ့ တဖက် သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ခြင်း မရှိသလို အချိန်ပို ဆက်လက် ယှဉ်ပြိုင် ကစားရာမှာလည်း နှစ်သင်းကြား သွင်းဂိုးတွေ မမြင်တွေ့ရတာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပြီး လီဗာပူးက ၆-၅ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ အက်ဖ်အေဖလား ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

လီဗာပူးက ချယ်လ်ဆီးကို အနိုင်ရကာ ယခုနှစ် ဘောလုံးရာသီရဲ့ ဒုတိယမြောက် ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့ပေမယ့် အဆိုပါပွဲစဉ်မှာ လီဗာပူးရဲ့ အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ မိုဟာမက် ဆာလာနဲ့ ဗာဂျယ် ဗန်ဒိုက်တို့ ထိခိုက်ဒဏ်ရာ အသီးသီး ရရှိခဲ့ကြပြီး ဆာလာက ပွဲကစားချိန် မိနစ် ၃၀ကျော်မှာတင် ပေါင်ခြံဒဏ်ရာကြောင့် အသင်းဖော် ဂျိုတာနဲ့ လူစားလဲခံခဲ့ရပါတယ်။

ဆာလာက ယခုနှစ် ဘောလုံးရာသီမှာ လီဗာပူးရဲ့ အဓိက တိုက်စစ်မှူး တဦး အဖြစ် ခြေစွမ်းပြ သွင်းဂိုးတွေ သွင်းယူထားနိုင်သူ ဖြစ်တာကြောင့်ပဲ လီဗာပူး ပရိသတ်တွေက ဆာလာအနေနဲ့ အသင်းအတွက် အရေးပါတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲအား ဝင်ရောက် ကစားပေးနိုင်ခြင်း မရှိမှာကို စိုးရိမ်နေကြပြီး ဆာလာကတော့ သူ့အတွက် စိုးရိမ်နေတဲ့ ပရိသတ်တွေကို ပွဲအပြီးမှာပဲ သူဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ဝင်ရောက် ကစားပေးနိုင်မယ်လို့ သတင်းကောင်း ပါးသွားခဲ့ပါတယ်။

Photo Credit: Sky Sports

အက်ဖ်အေဖလား ဗိုလ်လုပွဲအပြီးမှာ သတင်းထောက်တွေက ဆာလာအနေနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ဝင်ရောက် ကစားပေးနိုင်မလား ဆိုတဲ့ မေးခွန်းကို မေးမြန်းခဲ့ရာ ဆာလာက “သေချာတာပေါ့” လို့ ပြုံးလျက် ဖြေကြားသွားရင်း ပရိသတ်တွေ ကြားချင်နေတဲ့ စကားကို ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။