ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ မိုဟာမက် ဆာလာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရိန်းဂျား ၁-၇ လီဗာပူး ပွဲစဉ်မှာ အသင်းအတွက် လူစားဝင် တိုက်စစ်မှူး အဖြစ် ဝင်ရောက် ကစားရင်း ၆မိနစ် အတွင်းမှာပဲ ဟက်ထရစ်သွင်းကာ ချန်ပီယံလိဂ် သမိုင်းတလျှောက် အမြန်ဆုံး ဟက်ထရစ် ပိုင်ရှင် အဖြစ် မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ကြောင်း သိရပါတယ်။

စကော့တလန်မြေမှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ရိန်းဂျားနဲ့ လီဗာပူးတို့ရဲ့ ပွဲစဉ်မှာ ဧည့်သည် လီဗာပူးက ရိန်းဂျားဘက်ကို ပွဲစပွဲဆုံး တရစပ် တိုက်စစ်ဆင် ကစားသွားခဲ့သလို နှစ်သင်းကြားမှာလည်း ခြေစွမ်းပိုင်း ကွာဟချက် ကြီးမားခဲ့တာကြောင့် သွင်းဂိုးတွေ အလွယ်တကူ ရရှိခဲ့ပြီး ၁-၇ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲ တပွဲ ရရှိခဲ့ပါတယ်။

Photo Credit: Squawka

အဆိုပါပွဲစဉ်မှာ လီဗာပူး အတွက် သွင်းဂိုးတွေကို ပွဲချိန် ၂၄မိနစ်နဲ့ ၅၅မိနစ်မှာ ဖာမီနို ၊ ပွဲချိန် ၆၆မိနစ်မှာ နူနက်ဇ် ၊ ပွဲချိန် ၇၆မိနစ် ၊ ၈၀မိနစ်နဲ့ ၈၁မိနစ်တို့မှာ ဆာလာနဲ့ ပွဲချိန် ၈၇မိနစ်မှာ အိလိယက်တို့က အသီးသီး သွင်းယူပေးခဲ့ကြပြီး ရိန်းဂျားအတွက် သိက္ခာဆယ် သွင်းဂိုး ၁ဂိုးကိုတော့ ကွင်းလယ်တိုက်စစ် ကစားသမား အာဖီးလ်က ပွဲချိန် ၁၇မိနစ်မှာ သွင်းယူပေးခဲ့တာပါ။

ရိန်းဂျား ၁-၇ လီဗာပူးပွဲမှာ ပုံစံကောင်းတွေ ရရှိဖို့ ရုန်းကန်နေရတဲ့ ကြယ်ပွင့် တိုက်စစ်မှူး မိုဟာမက် ဆာလာက ပွဲချိန် ၆၈မိနစ်မှာ အသင်းဖော် တိုက်စစ်မှူး နူနက်ဇ်နဲ့ လူစားလဲကာ ပွဲကို ဝင်ရောက် ကစားခွင့် ရခဲ့ပေမယ့် ကွင်းထဲကို ရောက်အပြီး ၈မိနစ် အကြာမှာပဲ သွင်းဂိုး ၁ဂိုး ရယူနိုင်ခဲ့သလို ပထမသွင်းဂိုး ရရှိပြီး ၆မိနစ် အတွင်းမှာပဲ သူဟာ ဟက်ထရစ် ရရှိခဲ့ပါတယ်။

Photo Credit: Squawka

ဆာလာက ရိန်းဂျားနဲ့ပွဲမှာ ဟက်ထရစ် သွင်းယူနိုင်ဖို့ အတွက် စုစုပေါင်း ၆မိနစ်နဲ့ ၁၂စက္ကန့်သာ အချိန်ယူခဲ့ရတာကြောင့် ချန်ပီယံလိဂ် သမိုင်းတလျှောက် အမြန်ဆုံး ဟက်ထရစ်ပိုင်ရှင် အဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီး အဆိုပါ စံချိန်သစ်ကို ရယူနိုင်ခဲ့တာဟာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ ဆာလာ အတွက် ဖိအားတွေ လျော့ကျသွားစေနိုင်တဲ့ သတင်းကောင်း တခုပဲ ဖြစ်ပါတယ်။