ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်မှာ အစဉ်အလာ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက်နဲ့ ကစားရတာက အရမ်းကို လွယ်ကူလွန်းတယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ဟာ ယနေ့မနက် အစောပိုင်းမှာ ပရီးမီးယားလိဂ်ပွဲကျန် အဖြစ် လီဗာပူးရဲ့ အိမ်ကွင်း အန်ဖီးလ်မှာ ယှဉ်ပြိုင် ကစားခဲ့ရာ အိမ်ရှင် လီဗာပူးက မန်ချက်စတာ ယူနိုက်တက်ကို ပွဲစပွဲဆုံး ဖိအားပေး ကစားကာ အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာရဲ့ ခြေစွမ်းပြသမှုတွေနဲ့ အတူ ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲ တပွဲ ရရှိခဲ့ပါတယ်။

Photo Credit: Fot Mob

အဆိုပါပွဲစဉ်မှာ အိမ်ရှင် လီဗာပူးနဲ့ ဧည့်သည် မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ခြေစွမ်းပိုင်း ကွာဟမှုက အတော်လေးကို ကြီးမားခဲ့ပြီး လီဗာပူးဘက်က မန်ချက်စတာ ယူနိုက်တက်ဘက်ကို တရစပ် တိုက်စစ်ဆင် ကစားကာ ဆာလာ ၊ ဒီယက်ဇ်နဲ့ မာနေးတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ချိုမြိန်တဲ့ နိုင်ပွဲတပွဲ ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။

လီဗာပူး ၄-၀ မန်ချက်စတာ ယူနိုက်တက်ပွဲစဉ်မှာ လီဗာပူးအတွက် သွင်းဂိုး ၂ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာကတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင် ကစားရတာက အရမ်းကို လွယ်ကူခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားတွေဟာ တဦးချင်း ထိပ်တိုက် တွေ့ဆုံတဲ့ အချိန်မှာ သူတို့အသင်းဘက်ကို အလွယ်တကူပဲ ဘောလုံးတွေ ပေးခဲ့တယ်လို့ ဆိုသွားခဲ့ပါတယ်။

Photo Credit: Fot Mob

ဆာလာက – “မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားတွေက ကျွန်တော်တို့တွေ အလွယ်တကူ ကစားနိုင်အောင် လုပ်ပေးခဲ့ကြပါတယ်။ သူတို့ကြောင့်ပဲ ကျွန်တော်တို့ရဲ့ ကွင်းလယ်လူတွေနဲ့ နောက်ခံလူတွေက အတော်လေး သက်တောင့်သက်သာ ကစားခဲ့ရပါတယ်။ ပြီးတော့ တဦးချင်း ရင်ဆိုင်တွေ့တဲ့ အခါတွေမှာလည်း သူတို့က ကျွန်တော်တို့ကို ဘောလုံးတွေ ပေးကြတယ်လေ” လို့ ပြောကြားသွားခဲ့တာပါ။