ပရီးမီးယားလိဂ် နာမည်ကြီးအသင်းဖြစ်တဲ့ လီဗာပူးအသင်းရဲ့ အဓိက တိုက်စစ်မှူးဖြစ်တဲ့ မိုဟာမက် ဆာလက်ကတော့ လက်ရှိအချိန်မှာ ကမ္ဘာတစ်ဝှမ်းလုံးမှာ ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ် ရောဂါကြောင့် သူ့ရဲ့ အမိနိုင်ငံဖြစ်တဲ့ အီဂျစ်နိုင်ငံ အတွင်းမှာရှိတဲ့ လူတွေအတွက် ကြီးမားတဲ့ လှူဒါန်းမှုတစ်ခုကို ပြုလုပ်ခဲ့တယ်လို့ အီဂျစ်သတင်းစာတွေက ဖော်ပြသွားခဲ့ကြပါတယ်။ အသက် ၂၇နှစ်အရွယ် မိုဟာမက် ဆာလက်ဟာ အီဂျစ် လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင် တစ်ဦးဖြစ်ပြီး လက်ရှိမှာ အီဂျစ်နိုင်ငံက ကိုရိုနာ ဗိုင်းရပ်ပြဿာနာကြောင့် အခက်အခဲကြုံတွေ့ရချိန်မှာ အခုလို လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တာကြောင့် အီဂျစ်နိုင်ငံသားတွေရဲ့ ချီးကျူးမှုတွေကို ခံနေရပါတယ်။

Photo Credit: Metro.com

အီဂျစ်သတင်းစာတွေရဲ့ ဖော်ပြချက်အရတော့ ဆာလက်ဟာ အီဂျစ်နိုင်ငံသူ ၊ နိုင်ငံသားတွေ အတွက် တန်ထောင်နဲ့ချီတဲ့ စားစရာတွေကို လှူဒါန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ အီဂျစ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်ဒဏ်ကို အဆိုးရွားဆုံး ခံစားနေရတဲ့ နိုင်ငံတွေထဲက တစ်ခု ဖြစ်ပြီး ကူးစက်သူ ၃၀၃၂ဦးအထိ ရှိနေကာ သေဆုံးသူ အရေအတွက်ကတော့ ၂၂၄ဦးအထိ ရှိနေခဲ့ပါတယ်။ ဒါ့ကြောင့်လည်း အီဂျစ်နိုင်ငံရဲ့ အစိုးရဟာ နိုင်ငံသားတွေကို တတ်နိုင်သမျှ အိမ်ထဲမှာ နေဖို့ တိုက်တွန်းထားတာကြောင့် လူတွေအနေနဲ့ အိမ်ထဲကနေ အိမ်ပြင်ကိုထွက်ဖို့ ခက်ခဲနေခဲ့ပြီး လက်ရှိမှာတော့ ဆာလက်ရဲ့ လှူဒါန်းမှုတွေကြောင့် အနည်းငယ် သက်သာရာ ရသွားပြီလို့ ဆိုရမှာပါ။

Photo Credit: Metro.com

ထွက်ပေါ်လာတဲ​့ သတင်းတွေအရတော့ ဆာလက် လှုဒါန်းခဲ့တဲ့ တန်ထောင်နဲ့ချီတဲ့ စားစရာတွေဟာ စုစုပေါင်း လူဦးရေ ၃သိန်းလောက် ကို အကူအညီပေးနိုင်လိမ့်မယ်လို့ သိရှိရပြီး လီဗာပူးအသင်းရဲ့ ပရိသတ်တွေက ဆာလက်ရဲ့ လှူဒါန်းမှုအတွက် ဝမ်းသာအားရ ဖြစ်နေကြပါတယ်။ ဆက်စပ်သတင်းတွေအရ ဆာလက်ရဲ့ လီဗာပူးအသင်းဖော်တစ်ဦး ဖြစ်တဲ့ ဆာဒီယို မာနေးဟာလည်း သူ့ရဲ့ အမိနိုင်ငံဖြစ်တဲ့ ဆီနီဂေါနိုင်ငံအတွင်းမှာ လှူဒါန်းမှုတချို့ ပြုလုပ်ဖို့ စီစဉ် ထားတယ်လို့ သိရပါသေးတယ်။ အခုလို ဘောလုံးကစားသမားတွေ သက်ဆိုင်ရာ နိုင်ငံအသီးသီးမှာ လှူဒါန်းမှုတွေကို မြင်နေရတဲ့အတွက် တကယ်ကို သဘောကျမိပါရဲ့ဗျာ…။