ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံအသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ အဓိက တိုက်စစ်မှူး တစ်ဦး ဖြစ်တဲ့ ဆာလက် ကတော့ နိုင်ငံတကာ ပွဲစဉ်တွေ ကစားဖို့ လက်ရွေးစင် အသင်းဖြစ်တဲ့ အီဂျစ်အသင်းနဲ့ ပူးပေါင်းဖို့ အီဂျစ်နိုင်ငံကို သွားရောက်ရာ ကနေ ကိုရိုနာဗိုင်းရပ် ကူးစက်ခံခဲ့ရပါတယ်။ အဆိုပါ သတင်းကြောင့် လီဗာပူး အသင်းရဲ့ ပရိသတ်တွေဟာ အီဂျစ် ဘောလုံးအဖွဲ့ချုပ်ကို ဝေဖန် ပြစ်တင် နေကြပေမယ့် ယနေ့မှာ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ဆာလက်ဟာ အီဂျစ်လက်ရွေးစင် အသင်းနဲ့ ပူးပေါင်းရာမှ ကိုရိုနာ ဗိုင်းရပ် ကူးစက်ခံရခြင်း မဟုတ်ပဲ ညီဖြစ်သူရဲ့ မင်္ဂလာဆောင်ကို သွားရာကနေ ကိုရိုနာဗိုင်းရပ် ကူးစက် ခံရတာ ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: The Times Sport

ကိုင်ရိုမြို့ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ဆာလက်ဟာ အီဂျစ် လက်ရွေးစင် အသင်းနဲ့ မပူးပေါင်းခင် တစ်ရက်အလိုမှာ ညီဖြစ်သူရဲ့ မင်္ဂလာဆောင် တစ်ခုကို သွားရောက်ခဲ့ပြီး အဆိုပါ မင်္ဂလာပွဲမှာ ဆာလက်ဟာ သတ်မှတ်ထားတဲ့ ကျန်းမာရေး စည်းကမ်းချက်တွေ အတိုင်း လိုက်ပါ လုပ်ဆောင်ခြင်း မရှိခဲ့ပဲ Masks မတပ်ကာ တစ်ချိန်လုံး နေခဲ့တာကြောင့် ကိုရိုနာဗိုင်းရပ် ကူးစက်ခံရတာ ဖြစ်ကြောင်း သိရှိ ရပါတယ်။ အီဂျစ် ဘောလုံးအဖွဲ့ချုပ် ကတော့ ဆာလက် တစ်ယောက် ကိုရိုနာဗိုင်းရပ် ကူးစက်ခံခဲ့ရကြောင်း ကြေညာချက် ထုတ်ပြန်ချိန်မှာ ဆာလက်ဟာ အစိုးရက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ အားလုံးကို လိုက်နာခဲ့သလို လက်ရှိမှာလည်း ကိုရိုနာဗိုင်းရပ် ကုသရေးနဲ့ ပျောက်ကင်းရေး အတွက် တစ်ဦးထဲ သီးသန့်ခွဲကာ နေထိုင်နေကြောင်း ပါဝင်ပါတယ်။

Photo Credit: The Times Sport

ကိုရိုနာဗိုင်းရပ် ကူးစက်ခံခဲ့ ရတာကြောင့် လက်ရှိမှာတော့ ဆာလက်ဟာ အီဂျစ်နိုင်ငံမှာ ၇ရက် တစ်ဦးထဲ သီးသန့်ခွဲ နေရတော့မှာ ဖြစ်သလို အင်္ဂလန်နိုင်ငံကို ရောက်ရှိချိန်မှာလည်း ယူကေ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက် အတိုင်း တစ်ဦးထဲ သီးသန့်နေရဦးမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဆာလက်ဟာ နိုဝင်ဘာလ အတွင်းမှာ ကစားမယ့် လီဗာပူးအသင်းရဲ့ ပွဲစဉ်တွေ အားလုံးကို လွဲချော်မယ့် အနေအထားမှာ ရှိနေပါတယ်။ အဆိုပါ သတင်းဟာ ဒဏ်ရာပြဿနာ များပြားနေတဲ့ လီဗာပူးအသင်း အတွက်တော့ သတင်းဆိုး တစ်ခု ဖြစ်နေပြီး အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဗန်ဒိုက် ၊ ဂိုးမက်စ် ၊ အာနိုးလ် ၊ ဖာဘင်ဟိုနဲ့ ဆာလက်တို့ မရှိတဲ့ အချိန်မှာ ကလော့ပ်တစ်ယောက် ရလဒ်ကောင်းတွေကို ဘယ်လို ယူဆောင် ပြမလဲဆိုတာဟာ စိတ်ဝင်စားစရာပါပဲ။