လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးအသင်းရဲ့ အဓိက တိုက်စစ်မှူး တစ်ဦး ဖြစ်တဲ့ မိုဟာမက် ဆာလက် ကတော့ ယမန်နေ့မှာ ကစားခဲ့တဲ့ လီဗာပူးအသင်းနဲ့ လိဒ်အသင်းတို့ရဲ့ ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူကာ အသင်းကို နိုင်ပွဲရအောင် ကူညီပေးခဲ့ အပြီးမှာတော့ ဂုဏ်ယူစရာ ကောင်းတဲ့ မှတ်တမ်းကောင်း တစ်ခုကို ရရှိခဲ့ကြောင်း သိရှိရပါတယ်။ ယမန်နေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူးအသင်းနဲ့ လိဒ်အသင်းတို့ရဲ့ ပွဲစဉ်ကတော့ အတော်လေးကို အကြိတ်အနယ် ရှိခဲ့သလို နှစ်သင်းစလုံးရဲ့ ခြေစွမ်းတွေကလည်း အကောင်းဆုံး အနေအထားမှာ ရှိခဲ့တာကြောင့် ပွဲရဲ့ နောက်ဆုံးမိနစ်အထိကို ရင်ခုန် စိတ်လှုပ်ရှားစရာတွေ အများကြီး ဖြစ်ခဲ့ပါတယ်။

Photo Credit: Goal

အန်ဖီးလ်ကွင်းထဲမှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်ဟာ ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ စတင်ခဲ့တဲ့ စကားစစ်ထိုးပွဲကြောင့် အတော်လေးကို ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပြီး ဆာလက် ကတော့ လီဗာပူးအသင်းရဲ့ သူရဲကောင်း ဖြစ်ခဲ့ကာ လိဒ်အသင်းကို အမှတ်ဗလာနဲ့ အိမ်ပြန်စေခဲ့ပါတယ်။ အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်တာနဲ့ အညီ ပထမပိုင်းမှာကတည်းက သွင်းဂိုးတွေကို ဖောဖောသီသီ မြင်ခဲ့ရပြီး ပွဲစဉ်ရဲ့ အဖွင့်ဂိုးကိုတော့ ဆာလက်က ပွဲကစားချိန် ၄မိနစ်မှာ ပင်နယ်တီကနေ တဆင့် သွင်းယူပေးခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ လိဒ်အသင်းက ချေပဂိုး ရရှိခဲ့ပြီး ဘယ်တောင်ပံ ကစားသမား ဟာရီဆင်က ပွဲချိန် ၁၂ မိနစ်မှာ နောက်ခံလူ နှစ်ဦးကို ကျော်ဖြတ်ကာ ဘက်ကာရဲ့ ညာဘက်အောက်ထောင့်ကို အပြင်း ကန်သွင်းယူခဲ့တာပါ။

Photo Credit: Goal

ချေပဂိုး ပြန်ပေးရပြီးတဲ့ နောက်မှာတော့ လီဗာပူးအသင်းဟာ တိုက်စစ်ကို ပိုမို ဦးစားပေး ကစားခဲ့ပြီး ပွဲချိန် မိနစ် ၂၀ မှာတော့ ထောင့်ကန်ဘော ကနေ တဆင့် ဗန်ဒိုက်က ခေါင်းတိုက်ကာ ဦးဆောင်ဂိုးကို ထပ်မံ သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီ ဦးဆောင်ဂိုးဟာလည်း ကြာကြာ မခံခဲ့ပဲ ဗန်ဒိုက်ရဲ့ လူပေးမှားရာကနေ တဆင့် ပွဲချိန် ၃၀ မိနစ်မှာ လိဒ်တိုက်စစ်မှူး ဘန်ဖို့ဒ်က ချေပဂိုး သွင်းယူခဲ့ပါတယ်။ နှစ်ဂိုးစီ သရေကျပြီးတဲ့ နောက်မှာတော့ လီဗာပူးအသင်းဟာ တရစပ် တိုက်စစ်ဆင် ကစားခဲ့ပြီး ပွဲချိန် ၃၃ မိနစ် မှာတော့ ဆာလက်က ပြစ်ဒဏ်ဘောကနေ လျှံကျလာတဲ့ ဘောလုံးကို အပြင်း ကန်သွင်းကာ လီဗာပူးအသင်း အတွက် နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ သုံးကြိမ်မြောက် ချေပဂိုးကို သွင်းယူနိုင်ဖို့တော့ လိဒ်အသင်းဟာ အတော်လေးကို ကြိုးစားခဲ့ရပြီး ပွဲချိန် ၆၆မိနစ် ရောက်မှသာ ကလစ်ရှ်က သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ တစ်ဖက် သုံးဂိုးစီနဲ့ သရေရလဒ် ထွက်ပေါ်တော့မယ် လို့ ထင်ခဲ့ရပေမယ့် ပွဲချိန် ၈၈ မိနစ်မှာတော့ ဖာဘင်ဟိုကြောင့် ရလာတဲ့ ပင်နယ်တီကို ဆာလက်က အဆုံးသတ် ကန်သွင်းကာ သူ့အတွက် ဟက်ထရစ်ဂိုး ဖြစ်စေခဲ့သလို အသင်းကိုလည်း တာထွက်ကောင်းအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

Photo Credit: Goal

လိဒ်အသင်းနဲ့ ပွဲစဉ်မှာ သူ့ရဲ့ သွင်းဂိုးတွေနဲ့ အသင်းကို အနိုင်ရရှိအောင် ကူညီနိုင်ခဲ့တဲ့ ဆာလက်ဟာ အဆိုပါ ပွဲစဉ် ပြီးဆုံးချိန်မှာတော့ မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီရဲ့ စံချိန်ကောင်း တစ်ခု ဖြစ်တဲ့ ဂိုးသွင်းယူတိုင်း အသင်းနိုင်တဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့ကြောင်း သိရပါတယ်။ ဝိန်းရွန်းနီဟာ ၂၀၀၈ ခုနှစ် စက်တင်ဘာလမှ စတင်ကာ ၂၀၁၁ ဖေဖော်ဝါရီ အထိ ၃ နှစ်နီးပါး ကာလအတွင်းမှာ သူဂိုးသွင်းယူတဲ့ ပွဲစဉ်တိုင်းမှာ မန်ယူအသင်းက အနိုင်ရရှိခဲ့ပြီး စုစုပေါင်း နိုင်ပွဲဆက်မှု အရေအတွက်ဟာ ၃၄ပွဲအထိ ရှိခဲ့ပါတယ်။ ယမန်နေ့ည ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူကာ လီဗာပူးအတွက် သူရဲကောင်း ဖြစ်ခဲ့တဲ့ ဆာလက် ကတော့ သူ နောက်ဆုံး ဂိုးသွင်းယူပေးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၅ ပွဲဆက်တိုက် လီဗာပူးအသင်း အနိုင်ရရှိအောင် ကူညီပေးနိုင်ခဲ့ကြောင်း OPTA သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ ဒါ့ကြောင့် ဆာလက်ဟာ ဝိန်းရွန်းနီရဲ့ မှတ်တမ်းကို ချိုးဖျက်ကာ ကိုယ်ပိုင် မှတ်တိုင်အသစ် တစ်ခု ထူထောင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။