ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ မိုဟာမက် ဆာလာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲကျန်မှာ မန်ချက်စတာ ယူနိုက်တက်က ချယ်လ်ဆီးကို ၄-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် လီဗာပူးဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တာကြောင့် ပရိသတ်တွေကို တောင်းပန်စကား ပြောကြားသွားခဲ့ပါတယ်။

မိုဟာမက် ဆာလာရဲ့ လီဗာပူးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ အထိ တက်ရောက်နိုင်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းတာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် ကနေပဲ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

Photo Credit: Football 365

ဒါ့အပြင် လီဗာပူးက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ရလဒ်ကောင်းတွေ ရအောင် မလုပ်နိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြီးဆုံးဖို့ ၁ပွဲထဲသာ လိုအပ်တော့ချိန်မှာ အဆင့်၄ နေရာမှာ ရှိနေတဲ့ နယူးကာဆယ်နဲ့ ရမှတ် ၄မှတ် ကွာဟသွားခဲ့ကာ ချန်ပီယံလိဂ်ဝင်ခွင့် မရဖို့ သေချာသွားခဲ့ပါပြီ။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် ၄-၁ ချယ်လ်ဆီး ပွဲစဉ်အပြီးမှာ လီဗာပူးရဲ့ အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာက သူ့ရဲ့ လူမှုကွန်ယက်အကောင့်မှာ တောင်းပန်စာ ရေးသားကာ ပရိသတ်တွေကို တောင်းပန်သွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Express

မိုဟာမက် ဆာလာက – “ကျွန်တော်က (ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့လို့) တော်တော်လေး ဝမ်းနည်းပက်လက် ဖြစ်ရပါတယ်။ အခုလိုမျိုး ဖြစ်ခဲ့တဲ့ အတွက် ဆင်ခြေတွေလည်း မပေးချင်တော့ပါဘူး။ ကျွန်တော်တို့က လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အတွက် အခွင့်အရေးကောင်းတွေ ရခဲ့ပေမယ့် အဲ့ဒီ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့က လီဗာပူးအသင်းပါ။ ကျွန်တော်တို့က ရာသီတိုင်းမှာ အနိမ့်ဆုံး ချန်ပီယံလိဂ်ဝင်ခွင့်ကို ရသင့်ပါတယ်။ ကျွန်တော်တို့ရဲ့ အသုံးမကျမှု အတွက် ပရိသတ်တွေကို တောင်းပန်ချင်ပါတယ်။ ကျွန်တော်တို့က ပရိသတ်တွေကို မျက်နှာပျက်စေခဲ့ရပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။