MySport Myanmar

Ballon d’Or ဆုပေးပွဲရဲ့ ရလဒ်နဲ့ ပတ်သက်ပြီး အံ့အားသင့်ခဲ့ရတယ်လို့ မိုဆာလာ ဝန်ခံပြောဆို

လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကစားသမား မိုဟာမက်ဆာလာက 2021 Ballon d’Or ၂၀၂၁ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဆုပေးပွဲမှာ သူ့ကို အမှတ်စဉ် နံပါတ်(၇)နေရာမှာသာ ရွေးချယ်ခဲ့တဲ့အပေါ် သူအနေနဲ့ တကယ့်ကို အံ့အားသင့်ခဲ့ရတယ်လို့ ဝန်ခံပြောဆိုသွားခဲ့ပြီး ၂၀၂၁ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား(၁၁)ဦးစာရင်းမှာပါ ချန်လှပ်ခံခဲ့ရတာကိုလည်း သူမပျော်ရွှင်မိဘူးလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Marca

အသက်(၂၉)နှစ်အရွှယ်ရှိ အီဂျစ်လက်ရွေးစင် တိုက်စစ်ကစားသမား မိုဆာလာဟာ ၂၀၂၁ခုနှစ်တာ ကာလအတွင်းမှာပဲ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ(၅၁) ပါဝင်ကစားပေးရင်းနဲ့ စုစုပေါင်းသွင်းဂိုး (၃၇)ဂိုးအထိကို သွင်းယူနိုင်ခဲ့ပါတယ်။ ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကျင်းပခဲ့တဲ့ ၂၀၂၁ခုနှစ်ရဲ့ ဘာလွန်းဒေါဆုပေးပွဲမှာတော့ ဆာလာက တစ်နှစ်တာရဲ့ အကောင်းဆုံး ကစားသမား အဆင့်သတ်မှတ်ချက်မှာ (၇)သာ ရရှိခဲ့သလို ထိပ်ဆုံးနေရာက လီယွန်နယ်မက်ဆီနဲ့လည်း Voting အမှတ်ပေါင်း (၅၀၀)နီးပါးလောက်အထိကို ကွာဟနေခဲ့ရပါတယ်။

Photo Credit : 90Min

Ballon d’Or ဆုပေးပွဲအကြောင်းနဲ့ ပတ်သက်ပြီး ဆာလာက “Ballon d’Orရဲ့ ရလဒ်တွေက ကျွန်တော့်အတွက် အံ့အားသင့်စရာပါ။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အများကြီး ပြောစရာ မရှိပါဘူး။ ဒါပေမယ့် မနှစ်က ဆုပေးပွဲမှာ ကျွန်တော် အဆင့်(၇)နေရာနဲ့ အဆုံးသတ်သွားရလိမ့်မယ်လို့ မျှော်လင့်ထားတဲ့သူတွေ မရှိပါဘူး။ ဒါပေမယ့်လည်း ဒါက ဖြစ်သွားတာပါပဲ။ ပူးပေါင်းကြံစည်မှုနည်းလမ်းတွေ ဒါမှမဟုတ် တခြားအရာတွေ ဘာမှမရှိနေနိုင်ဘူးလို့တော့ ကျွန်တော် မထင်မိဘူး။ မမှန်ကန်တဲ့ ရွေးချယ်မှုတွေလည်း ရှိနေနိုင်သလို မဲပေးနည်းကို မသိသေးတဲ့ နိုင်ငံတွေလည်း အများကြီးရှိပါတယ်။ တစ်ခုခုတော့ မှားနေတယ်ဆိုပေမယ့် ဒါကို သက်သေပြစရာတော့ ကျွန်တော့်မှာ ရှိမနေဘူး။ ဒါကို ကျွန်တော် တကယ်မသိပေမယ့် ရလဒ်ကတော့ ကျွန်တော့်အတွက် အံ့အားသင့်စေခဲ့ရတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါယ်။ ဆာလာဟာ အဆင့်(၇)နေရာမှာပဲ ရပ်တည်ခဲ့ရတဲ့အပြင် Ballon d’Or ရဲ့ World XI စာရင်းမှာပါ မပါဝင်လာခြင်းအပေါ် “World XI မှာ ကျွန်တော် ချန်လှပ်ခံခဲ့ရလို့ မပျော်ရွှင်မိပါဘူး။ ဒါပေမယ့်လည်း ကျွန်တော် ဘာမှကို မလုပ်ဆောင်နိုင်ပါဘူး။ ကျွန်တော့်ရဲ့ စိတ်ခံစားချက်တွေကို လူတိုင်းက မျှဝေပေးတာ ကျွန်တော့်ကို ဒီစာရင်းထဲ ပါဝင်သင့်တတယ်လို့ ပြောနေကြတာတွေက ကျွန်တော့်အတွက် စိတ်ကျေနပ်စေပါတယ်” လို့ ထပ်လောင်းပြောဆိုသွားခဲ့ပါတယ်။

Exit mobile version