ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်သလက်တီကို ၂-၃ လီဗာပူး ပွဲစဉ်မှာ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် လီဗာပူးအသင်းရဲ့ သမိုင်းတလျှောက် ၉ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဦးဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် အီဂျစ် အသင်းခေါင်းဆောင် မိုဟာမက် ဆာလာဟာ လက်ရှိအချိန်မှာ သူ့ရဲ့ ကစားသမား ဘဝ အကောင်းဆုံး ခြေစွမ်းကို ပိုင်ဆိုင်ထားပြီး လီဗာပူးအသင်း အတွက် ယခုနှစ် ဘောလုံးရာသီမှာ သွင်းဂိုး ၁၄ဂိုး အထိ သွင်းယူပေးထားကာ ဂိုးဖန်တီးမှု ၄ကြိမ် အထိ ရရှိထားပါတယ်။

Photo Credit: Express

ဆာလာဟာ ယခုနှစ် ဘောလုံးရာသီရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး ပရီးမီးယားလိဂ် ကစားသမား အဖြစ် ဘောလုံးရေးရာ သုံးသပ်သူတွေရဲ့ သတ်မှတ်မှုကို ခံထားရပြီး နောက်ဆုံး ကစားခဲ့တဲ့ ၉ပွဲမှာ သွင်းဂိုး ၁၁ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ လီဗာပူးအသင်းရဲ့ သမိုင်းတလျှောက် ၉ပွဲဆက် ဂိုးသွင်းယူနိုင်တဲ့ ကစားသမား အဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ပွဲစဉ်အပြီးမှာတော့ ဆာလာရဲ့ ခြေစွမ်းအပေါ် ချီးကျူးသံတွေ သောသောညံခဲ့ပြီး လီဗာပူးအသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ ဘက်ကာကလည်း ဆာလာဟာ ထိပ်တန်း ကစားသမား တဦး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Express

ဘက်ကာက – “ ဒီလို စံချိန်သစ်တွေ တင်နိုင်ခဲ့တာကြောင့် သူ့အတွက် ကျွန်တော် ဂုဏ်ယူမိပါတယ်။ ဆာလာက ထိပ်တန်း ကစားသမား တဦးပါ။ ဒါကိုလည်း သူက မြက်ခင်းပြင်ပေါ်မှာ လှပတဲ့ သွင်းဂိုးတွေ သွင်းယူပြီး သက်သေပြထားပါတယ်။ သူ သွင်းခဲ့တဲ့ သွင်းဂိုးတွေက အရမ်းကို အဆင့်မြင့်ပါတယ်။ ပြီးတော့ သူက သွင်းဂိုးတွေ သွင်းယူဖို့ သက်သက် မဟုတ်ပဲ ခံစစ်ပိုင်း အတွက်လည်း အကူအညီပေးနိုင်တဲ့ တိုက်စစ်မှူးပါ” လို့ ချီးကျူးသွားခဲ့တာပါ။