ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ အင်္ဂလန်အသင်းက ချက်အသင်းကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ရခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ လူငယ် တောင်ပံကစားသမား ဆာကာကတော့ သူတို့အသင်းဟာ ယူရို၂၀၂၀ပြိုင်ပွဲမှာ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်ကြောင်း ပွဲအပြီးမှာ ကြုံးဝါးသွားခဲ့ပါတယ်။ အင်္ဂလန်အသင်းက ချက်အသင်းကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့အပြီးမှာ အင်္ဂလန် အသင်းဟာ အုပ်စု Dရဲ့ ပထမနေရာ ကနေ ၁၆သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ကာ ၁၆သင်းအဆင့်မှာတော့ ယူရို ၂၀၂၀ပြိုင်ပွဲရဲ့ သေမင်းတမန်အုပ်စုလို့ တင်စားခံထားရတဲ့ အုပ်စု Fရဲ့ ဒုတိယနေရာက အသင်းနဲ့ ကစားရမှာပဲ ဖြစ်ပါတယ်။

Photo Credit: Metro

သေမင်းတမန်အုပ်စု ဖြစ်တဲ့ အုပ်စု Fမှာ ဥရောပရဲ့ အသင်းကြီး ၃သင်း ဖြစ်တဲ့ လက်ရှိ ယူရိုချန်ပီယံ ပေါ်တူဂီ ၊ လက်ရှိ ကမ္ဘာ့ဖလား ချန်ပီယံ ပြင်သစ် ၊ လက်ရှိ ယူရိုပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်း ဖြစ်တဲ့ ဂျာမဏီနဲ့ ဟန်ဂေရီအသင်းတို့ ပါဝင်နေပြီး အုပ်စုနောက်ဆုံး ပွဲစဉ်အထိ အကြိတ်အနယ် ရှိနေသေးတဲ့ အုပ်စုပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အုပ်စု Fရဲ့ ပထမနေရာကို ပြင်သစ်အသင်းက ရယူထားနိုင်ပြီး ဒုတိယနဲ့ တတိယ နေရာတွေ မှာတော့ ဂျာမဏီနဲ့ ပေါ်တူဂီအသင်းတို့က ရမှတ် ၃မှတ်စီနဲ့ ရှိနေပါတယ်။ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဂျာမဏီအသင်းဟာ အုပ်စုတွင်း အားအနည်းဆုံး ပြိုင်ဘက် ဖြစ်တဲ့ ဟန်ဂေရီနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ကာ ပေါ်တူဂီအသင်းကတော့ အုပ်စုတွင်း အားအကောင်းဆုံးအသင်း ဖြစ်တဲ့ ပြင်သစ်အသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်တာကြောင့် ပြင်သစ်အသင်းနဲ့ ဂျာမဏီအသင်းတို့သာ နောက်တဆင့်ကို တက်လှမ်းနိုင်ဖွယ် ရှိကြောင်း ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူတွေက ခန့်မှန်းထားပါတယ်။

Photo Credit: Metro

ဒါကြောင့်ပဲ အင်္ဂလန်အသင်းဟာ ၁၆သင်းအဆင့်မှာ အသင်းကြီး တသင်းနဲ့ မလွဲမသွေ ရင်ဆိုင် ကစားရဖို့ ရှိနေကာ အင်္ဂလန်အသင်း အနေနဲ့ ကွာတားဖိုင်နယ် အဆင့်ဆီ သွားရောက်နိုင်ပါ့မလား ဆိုပြီး စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ ဒါပေမယ့် ဆာကာကတော့ သူတို့အသင်းဟာ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်ကြောင်း ပြောကြား လာပါတယ်။ ဆာကာက – “၁၆သင်းအဆင့် ပွဲစဉ်ကို ဝင်ဘလေကွင်းထဲမှာ ကစားရမှာက တကယ်ကို ကောင်းပါတယ်။ အဲ့ဒါက ကျွန်တော်တို့ရဲ့ အိမ်ကွင်းပါ။ ဝင်ဘလေကွင်းထဲမှာ ကျွန်တော်တို့တွေ ပွဲစဉ်ပေါင်း များစွာကို အနိုင်ယူခဲ့ကြပါတယ်။ ဒါကြောင့် ဝင်ဘလေကွင်းမှာ ကစားရတာက တကယ်ကို ကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်က ဘယ်အသင်းပဲဖြစ်ဖြစ် ကျွန်တော်တို့က သူတို့ကို အနိုင်ယူနိုင်ပါတယ်” လို့ ပြောကြား သွားတာပဲ ဖြစ်ပါတယ်။