ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ အဓိက ကစားသမား တဦး ဖြစ်သူ ဘူကာယို ဆာကာ ကတော့ ယခုနှစ် ဘောလုံးရာသီမှာသာ အာဆင်နယ်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရအောင် မစွမ်းဆောင်နိုင်ခဲ့ရင် အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၀ အရွယ် အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဘူကာယို ဆာကာဟာ အာဆင်နယ်ရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး အသင်းကြီးထံ စတင် ရောက်ရှိကာစမှာ ဘယ်နောက်ခံလူ အဖြစ်ပါ ကစားခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ သူ့ရဲ့ အရည်အချင်းကြောင့် ဘယ်တောင်ပံနေရာကို အပိုင်စား ရခဲ့တဲ့သူပါ။

Photo Credit: Football London

ဆာကာဟာ ယခုနှစ် ဘောလုံးရာသီမှာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံမှာ ၂၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၇ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ လီဗာပူးနဲ့ မန်ချက်စတာ စီးတီးတို့က ဆာကာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

ဆာကာဟာ လက်ရှိမှာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း ၂နှစ်သာ ကျန်ရှိတော့တဲ့ ကစားသမား တဦး ဖြစ်ပြီး အာဆင်နယ်ဘက်က သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေပေမယ့် ဆာကာကတော့ အာဆင်နယ်နဲ့ စာချုပ်သစ် ချုပ်ဆိုမယ့် ကိစ္စကို ရာသီကုန်အထိ ရွှေ့ဆိုင်းထားပါတယ်။

Photo Credit: Football London

ဗြိတိန်နာမည်ကြီး သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ဘူကာယို ဆာကာဟာ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ဖို့ အတော်လေးကို စိတ်အားထက်သန်နေပြီး အကယ်၍ အာဆင်နယ်ကသာ လက်ရှိရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို မရခဲ့ရင် ရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖို့ အထိပါ စဉ်းစားနေကြောင်း သိရှိရပါတယ်။

ဆာကာဟာ Sky Sports သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာလည်း သူက ချန်ပီယံလိဂ်ပြိုင်ပွဲကို ဘယ်လောက်အထိ ဝင်ရောက် ကစားချင်နေလဲ ဆိုတာကို ဖွင့်ဟ ပြောပြဖူးပါသေးတယ်။ ဆာကာက – “ကျွန်တော်ကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ညချမ်းတွေက မှော်ဝင်ညချမ်းတွေ ဖြစ်တယ်လို့ ခံယူထားပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ အိမ်မက်တခုက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပွဲစဉ်တွေကို တတ်နိုင်သလောက် ခပ်များများ ကစားခွင့်ရဖို့ပါပဲ” လို့ ပြောကြားခဲ့တာပါ။