အင်္ဂလန် လက်ရွေးစင်အသင်းနဲ့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်အသင်းတို့ရဲ့ လူငယ် တောင်ပံ ကစားသမား ဘူကာယို ဆာကာကတော့ ယူရို၂၀၂၀ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ပင်နယ်တီ လွဲချော်ခဲ့ပေမယ့် သူ့ကို အပြစ်မတင်ပဲ ဆက်လက် အားပေးနေသေးတဲ့ အင်္ဂလန်ပရိသတ်တွေကို အန်ဒိုရာနဲ့ပွဲအပြီးမှာ ကျေးဇူးတင်ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ဘူကာယို ဆာကာဟာ ယမန်နေ့မှာပဲ အသက် ၂၀ပြည့်ခဲ့တဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး သူ့ရဲ့ မွေးနေ့အမှတ်တရ အဖြစ် ကွင်းလုံးပြည့် ပရိသတ်တွေ ရှိနေတဲ့ ဝင်ဘလေကွင်းထဲမှာ အင်္ဂလန်အသင်း အတွက် ပွဲထွက် ကစားသမား အဖြစ် ပါဝင် ကစားခွင့်ရခဲ့သလို ၁ဂိုး သွင်းယူကာ ၂ဂိုး ဖန်တီးပြီး ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

Photo Credit: Metro

အင်္ဂလန်အသင်းက အန်ဒိုရာအသင်းကို ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဆာကာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဂျက်ဆီလင်ဂတ်နဲ့ တွဲဖက်ကာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး အဆိုပါပွဲစဉ်မှာ အင်္ဂလန် ပရိသတ်တွေဟာ ဆာကာကို သောင်းသောင်းဖျဖျ အားပေးခဲ့ကြပါတယ်။

ဆာကာဟာ ဝင်ဘလေကွင်းထဲမှာပဲ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ အင်္ဂလန်အသင်းနဲ့ အီတလီအသင်းတို့ရဲ့ ယူရို၂၀၂၀ ဗိုလ်လုပွဲမှာ အရေးအကြီးဆုံး ပင်နယ်တီကို လွဲချော်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ ပင်နယ်တီ လွဲချော်မှုကြောင့် အင်္ဂလန်အသင်းဟာ ယူရိုဖလားကို လက်လွှတ်ခဲ့ရတာလို့ ယူဆကာ လူမျိုးရေးအရ ဝေဖန်တိုက်ခိုက်မှု များစွာကို ခံခဲ့ရပါတယ်။

Photo Credit: Metro

ဒါကြောင့်ပဲ ယမန်နေ့ညမှာ အင်္ဂလန်ပရိသတ် အများစုဟာ ဘူကာယို ဆာကာကို ဆက်လက် အားပေးနေဆဲ ဖြစ်ကြောင်းနဲ့ ဆာကာရဲ့ဘက်မှာ အမြဲ ရှိနေကြောင်း ကြွေးကြော်ခဲ့ကြပြီး ဆာကာ ကတော့ သူ့ကို အားပေးခဲ့တဲ့ ပရိသတ်တွေ အားလုံးကို ပွဲအပြီးမှာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

ဆာကာက – “ဒီမွေးနေ့ကတော့ ကျွန်တော့်အတွက် ပြီးပြည့်စုံတဲ့ မွေးနေ့ပွဲတခု ဖြစ်ခဲ့ပါတယ်။ အားလုံးက ကျွန်တော့်ကို ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြတဲ့ အတွက် ပျော်ရွှင်မိပါတယ်။ ဒီလို ကြိုဆိုခံရတာဟာ ကျွန်တော့် အတွက် အဓိပ္ပါယ်အများကြီး ရှိသလို ကျွန်တော်တို့ နိုင်ပွဲရခဲ့တဲ့အပေါ် ဝမ်းမြောက်မိပါတယ်။ ပရိသတ် အများကြီးက ကျွန်တော့်ရဲ့ နာမည်ကို အော်ဟစ်ပြီး ကြွေးကြော်ခဲ့ကြတာကိုလည်း ကျွန်တော် ကြားခဲ့ပါတယ်။ ဒါက လူတိုင်းဟာ ကျွန်တော့်ကို အားပေးနေဆဲပဲ ဆိုတဲ့ ခံစားချက်ကို ခံစားမိစေပါတယ်။ ဒီနေ့မှာတော့ ကျွန်တော့်ရဲ့ ဝင်ဘလေကွင်းထဲမှာ ၊ မိသားစုရဲ့ အရှေ့မှာ ဂိုးသွင်းပြချင်တဲ့ အိမ်မက်ကလည်း အမှန်တကယ် ဖြစ်လာခဲ့ပါပြီ” လို့ ဖွင့်ဟ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။