MySport Myanmar

စာချုပ်သစ် ချုပ်ပြီးရင် အသင်းရဲ့ လစာအများဆုံး ကစားသမား ဖြစ်လာမယ့် ဆာကာ

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ လူငယ်ကြယ်ပွင့် ကစားသမား ဘူကာယို ဆာကာက အာဆင်နယ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ နီးစပ်နေပြီး စာချုပ်သစ်သာ ချုပ်ဆိုပြီးရင် ဆာကာဟာ အာဆင်နယ်ရဲ့ လုပ်ခလစာ အများဆုံး ကစားသမား ဖြစ်လာမယ်လို့ သိရပါတယ်။

အသက် ၂၁နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဘူကာယို ဆာကာက အာဆင်နယ်ရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် ထိပ်တန်း တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်ပြီး ဆာကာက ယခုအချိန်မှာ အာဆင်နယ်ရဲ့ အသက်သွေးကြောလို့ ပြောရင်တောင် မှားမယ် မထင်ပါဘူး။

Photo Credit: Sky Sports

ဘူကာယို ဆာကာက ယခုနှစ် ဘောလုံးရာသီမှာ အာဆင်နယ် အတွက် မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပြီး သူက အာဆင်နယ် အတွက် ပြိုင်ပွဲစုံမှာ ၃၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၀ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၈ကြိမ် ပြုလုပ်ပေးကာ အာဆင်နယ်ကို ပရီးမီးယားလိဂ်ရဲ့ အဆင့်(၁)နေရာဆီ ပို့ဆောင်ပေးထားပါတယ်။

ဆာကာက အာဆင်နယ်နဲ့ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာကြောင့်ပဲ ဥရောပရဲ့ အင်အားကြီးအသင်းတွေ ဖြစ်ကြတဲ့ ရီးရဲလ်မက်ဒရစ် ၊ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီတို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြပြီး အာဆင်နယ်ကတော့ ဆာကာကို သူတို့အသင်းမှာ ဆက်လက် ထိန်းသိမ်းထားဖို့ အတွက် ယခုနှစ် ဘောလုံးရာသီ စတင်ချိန်ကတည်းက ဆာကာကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေပါတယ်။

Photo Credit: Sky Sports

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒေးဗစ် အွန်စတိန်းရဲ့ ဖော်ပြချက်အရ အာဆင်နယ်က ဘူကာယို ဆာကာကို စာချုပ်သစ် ကမ်းလှမ်းထားသလို ဆာကာကလည်း အာဆင်နယ်မှာသာ ဆက်ကစားဖို့ ဆုံးဖြတ်ထားတာကြောင့် စာချုပ်သစ် ချုပ်ဆိုဖို့ သေချာနေပြီး ဆာကာဟာ အာဆင်နယ်နဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုမယ်လို့ သိရပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailကလည်း ဆာကာ တယောက် အာဆင်နယ်နဲ့ စာချုပ်သစ် ချုပ်ဆိုတော့မယ့် အကြောင်းကို ထပ်ဆင့် အတည်ပြုပေးထားပြီး ဆာကာဟာ စာချုပ်သစ်မှာ တပတ် လုပ်ခလစာ ပေါင် ၂သိန်း + အပိုဆုကြေးတွေ ရဖို့ ရှိနေတာကြောင့် စာချုပ်သစ် ချုပ်ပြီးရင် အသင်းရဲ့ လုပ်ခလစာ အများဆုံး ကစားသမား ဖြစ်လာမယ်လို့လည်း ဖော်ပြထားပါသေးတယ်။

Exit mobile version