ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ရဲ့ ငယ်မွေးခြံပေါက် ကြယ်ပွင့်ကစားသမား ဘူကာယို ဆာကာက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဝက်စ်ဟမ်း ၀-၆ အာဆင်နယ် ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုး ၂ဂိုး သွင်းယူပေးနိုင်ခဲ့ပြီးနောက် အာဆင်နယ် ကစားသမားဘဝ ဂိုး ၅၀ ပြည့်သွားခဲ့ကြောင်း သိရှိရပါတယ်။

အသက် ၂၂နှစ် အရွယ် အင်္ဂလန် တောင်ပံတိုက်စစ် ကစားသမား ဘူကာယို ဆာကာက အာဆင်နယ်ရဲ့ နာမည်ကျော် ဟေးလ်အန်း အကယ်ဒမီထွက် ကစားသမား ဖြစ်ပြီး သူက ၂၀၁၉ခုနှစ်မှ စတင်ကာ အာဆင်နယ် အတွက် ပါဝင် ကစားပေးထားသူပါ။

Photo Credit: Standard

ဘူကာယို ဆာကာက လူငယ်အသင်း ကနေ အသင်းကြီးဆီ စတင် ရောက်ရှိချိန်မှာ ဘယ်နောက်ခံလူ အဖြစ် ကစားခဲ့ရပေမယ့် နောက်ပိုင်းမှာ သူ့ရဲ့ လျင်မြန်မှုနဲ့ အလိမ်အခေါက် စွမ်းရည်တို့ကြောင့် ညာတောင်ပံတိုက်စစ် ကစားသမား အဖြစ် ပြောင်းလဲ ကစားခွင့် ရခဲ့ပြီး ယခုချိန်မှာတော့ အာဆင်နယ်ရဲ့ မရှိမဖြစ် တိုက်စစ်ကစားသမား ဖြစ်နေပါပြီ။

ဘူကာယို ဆာကာက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဝက်စ်ဟမ်း ၀-၆ အာဆင်နယ် ပွဲစဉ်မှာလည်း မာတီနယ်လီ ၊ ဟားဗက်ဇ် ၊ ထရော့ဆက် စတဲ့ ကစားသမားတွေနဲ့ တွဲဖက်ကာ အာဆင်နယ်ရဲ့ တိုက်စစ်ကို ဦးဆောင် ကစားခဲ့သလို ပွဲချိန် ၄၁မိနစ်နဲ့ ၆၃မိနစ်တွေမှာ အသင်းအတွက် အနိုင်ဂိုးတွေကို အသီးသီး သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Live Scores

ဆာကာက ဝက်စ်ဟမ်းဘက်ကို သွင်းဂိုး ၂ဂိုး အထိ သွင်းယူနိုင်ခဲ့တာကြောင့် အာဆင်နယ် အတွက် ပြိုင်ပွဲစုံမှာ ၂၁၀ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၅၁ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၅၃ကြိမ် ရရှိတယ် ဆိုတဲ့ မှတ်တမ်းကောင်း တရပ်ကို ပိုင်ဆိုင်နိုင်ခဲ့ပြီး ဆာကာက အာဆင်နယ်အတွက် ဂိုး ၅၀ ပြည့်အောင် သွင်းပေးနိုင်ခဲ့လို့ ပျော်ရွှင်ရကြောင်း ပွဲပြီးအင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

ဆာကာက – “ကျွန်တော်က တကယ်ပဲ ဂိုး ၅၀ ပြည့်သွားတာလား။ အရိုးသားဆုံး ပြောရရင် အသင်းအတွက် ဂိုး ၅၀ ပြည့်အောင် သွင်းပေးနိုင်ခဲ့လို့ ပျော်မိပါတယ်။ ဒါပေမယ့် ဒီနေ့မှာ ဂိုးသွင်းခွင့် တချို့ကို သေချာလေး အသုံးမချနိုင်ခဲ့လို့ သိပ်မပျော်နိုင်ပါဘူး။ ဒါပေမယ့် ဂိုး ၅၀ ပြည့်သွားတယ် ဆိုတာက ကြီးမားတဲ့ မှတ်တိုင် တခုပါ။ ဒါကြောင့် ဒီမှတ်တမ်းအတွက် ဂုဏ်ယူပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။