ဒီနှစ်ဘောလုံးရာသီအတွင်း ခြေစွမ်းပိုင်းတွေရော ရလဒ်ပိုင်းတွေပါ ကျဆင်းလာခဲ့ရလို့ အမှတ်ပေးဇယားရဲ့ အဆင့်(၁၅)နေရာလောက်ထိကို ရောက်ရှိခဲ့ရပြီး တခြားအသင်းပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေပါ ခံစားခဲ့ရတဲ့ အာဆင်နယ်အသင်းကတော့ ၂၀၂ဝနှစ်ကုန်ပိုင်းလောက်ကနေစတင်ပြီး အသင်းရဲ့အခြေအနေက တဆစ်ချိုးပြောင်းလဲလာခဲ့ရာ အခုဆိုရင် ချယ်လ်ဆီး ဘရိုက်တန်နဲ့ ဝက်စ်ဘရွှန်းတို့ (၃)သင်းလုံးကို ဆက်တိုက်အနိုင်ယူခဲ့ပြီး ရလဒ်တွေ ပြန်လည်ကောင်းမွန်လာခဲ့သလို ဝက်စ်ဘရွန်းနဲ့ ပွဲစဉ်မှာဆိုရင်လည်း စွမ်းဆောင်ရည်ကောင်းတွေကို ထုတ်ဖော်ပြသနိုင်ခဲ့ပါသေးတယ်။

Photo Credit : Arsenal Core

အာဆင်နယ်အသင်းမှာ အူဘာမီယန်း လာကာဇက်တို့လို ကစားသမားကောင်းတွေ ရှိလို့နေသလို ဒီရာသီမှာလည်း သောမတ်စ်ပါတေးနဲ့ ဝီလီယံတို့လို အရည်အသွေးမြင့်မားတဲ့ ကစားသမားတွေကိုပါ အားဖြည့်ခေါ်ယူထားခဲ့ပေမယ့်လည်း ဒီကစားသမားတွေအားလုံးထက် အသင်းကို အကောင်းဆုံး အကျိုးပြုနေတဲ့သူ ဒီရာသီမှာ ခြေစွမ်းပြနေသူဆိုရင်တော့ ဘာကာယိုဆာခါကိုပဲ ရွေးချယ်ရမှာပါ။ အသက်(၁၉)နှစ်အရွှယ်သာ ရှိလို့နေသေးတဲ့ ဆာခါဟာ ဒီရာသီမှာ အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး(၃)ဂိုး ရယူထားနိုင်သလို မနေ့ညက ပွဲစဉ်မှာလည်း အာဆင်နယ်အတွက် အထူးခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

Photo Credit : Goal

ဒီလိုအကောင်းဆုံး စွမ်းဆောင်ရည်ပြသလို့နေတဲ့ ဆာခါက သူတို့အသင်းရဲ့ Turnaround ဖြစ်လာခဲ့တဲ့အပေါ် “ဒီလို ဖြစ်လာခဲ့ရတာက ကျွန်တော်တို့အားလုံးရဲ့ စိတ်နေစိတ်ထားတွေ ပြောင်းလဲလာတာကြောင့်လို့ပဲ ကျွန်တော်ခံစားမိတယ်။ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းထားမှုကနေ နိုင်ပွဲတွေကို ရယူနိုင်ဖို့အတွက် လုံလောက်မှု ရှိကိုရှိတယ်ဆိုတဲ့အပေါ် ယုံကြည်မှုတွေကို လုံးဝမရပ်တန့်ခဲ့ဘူး။ အခုလို ယုံကြည်ချက်အပြည့်နဲ့ ယှဉ်ပြိုင်ကစားနေရတာကို ကျွန်တော်အရမ်းပျော်ရွှင်နေတယ်။ ဒါက တကယ့်ကို အလုပ်ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ နှစ်သစ်မှာ လှလှပပနဲ့ကို တာထွက်နေပါတယ်။ (၃)ပွဲဆက်တိုက်ကိုလည်း အနိုင်ရထားခဲ့တာကြောင့် ဒီလိုပုံစံကို ဆက်ထိန်းထားချင်ပါတယ်။ အားလုံးရဲ့ စွမ်းဆောင်ရည်အပေါ်မှာ ကျွန်တော်တို့တွေ ပျော်ရွှင်နေရပါတယ်။ မနေ့ညက ပွဲစဉ်အတွင်းမှာတော့ ရာသီဥတုက အရမ်းကို အေးစက်လွန်းခဲ့ပေမယ့်လည်း ကျွန်တော်ကတော့ အကောင်းဆုံးနေရာမှာ ဘောလုံးထိချက်များစွာကို ရရှိခဲ့ပါတယ်။ ဒီပွဲအတွက်တော့ ကျွန်တော်အရမ်းဝမ်းမြောက်နေရပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဆာခါဟာ မနေ့ညက ပွဲစဉ်အတွင်းမှာ အာဆင်နယ်အသင်းအတွက် ဒုတိယမြောက် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။