ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ ဘူကာယို ဆာကာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူး ၁-၁ အာဆင်နယ် ပွဲစဉ်မှာ သူနဲ့ ဘောလုံးယှဉ်လုရင်း ထိခိုက်မိရာ ကနေ ညှပ်ရိုးကျိုးသွားတဲ့ လီဗာပူး ဘယ်နောက်ခံလူ ဆီမီကတ်စ်ကို တောင်းပန်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဆီမီကတ်စ်ရဲ့ လီဗာပူးနဲ့ ဆာကာရဲ့ အာဆင်နယ်တို့က ပရီးမီးယားလိဂ် ပွဲစဉ်(၁၈) အဖြစ် ယနေ့မနက်မှာ လီဗာပူးရဲ့ အိမ်ကွင်း အန်ဖီးလ်မှာ ရင်ဆိုင် ယှဉ်ပြိုင်ခဲ့ကြပြီး နှစ်သင်းစလုံးက ခြေရည်တူနေခဲ့တာကြောင့် တဖက် တဂိုးစီ သရေရလဒ်နဲ့သာ ပွဲပြီးခဲ့ကာ ၁မှတ်စီ ခွဲဝေယူခဲ့ကြပါတယ်။

Photo Credit: Mirror

အဆိုပါပွဲမှာ အာဆင်နယ်ရဲ့ ညာခြမ်းတိုက်စစ်ကို ဦးဆောင်လာတဲ့ ဆာကာနဲ့ လီဗာပူးရဲ့ ဘယ်ခြမ်းခံစစ်ကို တာဝန်ယူရတဲ့ ဆီမီကတ်စ်တို့က ထိပ်တိုက် ရင်ဆိုင်ခဲ့ကြရပြီး နှစ်ဦးစလုံးက တဦးပေါ် တဦး အသာစီး ရအောင် ကြိုးစားခဲ့သလို မကြာခဏ ဘောလုံးယှဉ်လုရတာကြောင့် သူတို့နှစ်ဦးရဲ့ ပြိုင်ဆိုင်မှုက အတော်လေး ပြင်းထန်ခဲ့ပါတယ်။

ပွဲချိန် ၃၅မိနစ် ဝန်းကျင်မှာတော့ ဆာကာနဲ့ ဆီမီကတ်စ်တို့ ဘောလုံးယှဉ်လုရာ ကနေ ဆီမီကတ်စ်ဟာ ကွင်းဘေးစည်းဆီ လွင့်စင်ထွက်သွားကာ အကျမတော်တာကြောင့် ညှပ်ရိုးကျိုးသွားခဲ့ပြီး လီဗာပူး ဗဟိုနောက်ခံလူ ဂိုမက်စ်က ဆီမီကတ်စ်ရဲ့ နေရာကို အစားဝင် ကစားခဲ့ရပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ ပွဲပြီးဆုံးချိန်မှာ အာဆင်နယ် တောင်ပံတိုက်စစ် ကစားသမား ဆာကာက သူနဲ့ ဘောလုံးယှဉ်လုရင်း ထိခိုက်ဒဏ်ရာရသွားတဲ့ ဆီမီကတ်စ်ကို မီဒီယာတွေကနေ တဆင့် ပြန်လည် တောင်းပန်သွားခဲ့တာပါ။

ဘူကာယို ဆာကာက – “ဆီမီကတ်စ် တယောက် ဒဏ်ရာကြောင့် ဆေးရုံတက်ခဲ့ရတယ် ဆိုတဲ့ သတင်းကို ကြားခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်က သူ့ကို တောင်းပန်ချင်ပါတယ်။ ကျွန်တော်က ဆီမီကတ်စ်ကို ဒဏ်ရာရအောင် လုပ်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ ပြီးတော့ ကျွန်တော့်ရဲ့ ကစားပုံက ပြစ်ဒဏ်ဘော ပေးရမယ့် ကစားပုံမျိုးလည်း မဟုတ်ခဲ့ပါဘူး။ ကျွန်တော်က သူနဲ့ ပခုံးချင်း ယှဉ်တိုက်ပြီး ဘောလုံးလုဖို့ ကြိုးစားခဲ့ရုံပါ။ ကျွန်တော်က သူ ပြုတ်ကျသွားတာကို မမြင်ခဲ့ပါဘူး။ ဒါပေမယ့် သူက ဆိုးဆိုးရွားရွား ပြုတ်ကျသွားခဲ့တာလို့ ထင်ပါတယ်။ ဆီမီကတ်စ်က ကလော့ပ်ကို ဝင်တိုက်မိခဲ့တာကိုလည်း မမြင်ခဲ့ပါဘူး။ ကျွန်တော်က ပြစ်ဒဏ်ဘောလို့တောင် မထင်ခဲ့လို့ ဘောလုံးကို ရှေ့ဆက် ဆွဲသွားဖို့ ကြိုးစားခဲ့တာပါ” လို့ ပြောကာ ဆီမီကတ်စ်ကို တောင်းပန်သွားခဲ့တာပဲ ဖြစ်ပါတယ်။