MySport Myanmar

လာဗီယာအတွက် ဒုတိယမြောက် ကမ်းလှမ်းမှု ထပ်လုပ်တော့မယ့် လီဗာပူး

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးက သူတို့အသင်းရဲ့ ပစ်မှတ် ကစားသမား တဦး ဖြစ်သူ ဆောက်သမ်တန် လူငယ်ကြယ်ပွင့် လာဗီယာအတွက် ဒုတိယမြောက် ကမ်းလှမ်းမှုကို ထပ်မံ လုပ်ဆောင်တော့မယ်လို့ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

လီဗာပူးက ယခု နွေဈေးကွက် အစမှာ နာဘီကီတာ ၊ ချိန်ဘာလိန် ၊ မီလ်နာ စတဲ့ ကွင်းလယ်လူတွေကို အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပေးခဲ့သလို အသင်းခေါင်းဆောင် ဟန်ဒါဆန်နဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ဖာဘင်ဟိုတို့ကိုလည်း ဆော်ဒီကလပ်တွေဆီ ရောင်းချဖို့ သဘောတူထားပါတယ်။

Photo Credit: Goal

ဒါကြောင့် လီဗာပူးရဲ့ တာဝန်ရှိသူတွေက အာဂျင်တီးနား ကွင်းလယ်ကြယ်ပွင့် အယ်လစ္စတာနဲ့ ဟန်ဂေရီ ကွင်းလယ်ကြယ်ပွင့် ဆိုဘော့ဇလိုင်းတို့ကို ခေါ်ယူထားနိုင်သည့်တိုင် နောက်ထပ် ကွင်းလယ်လူ ၂ဦး အထိ ခေါ်ယူဖို့ စီစဉ်နေတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ လီဗာပူးနည်းပြချုပ် ကလော့ပ်က ဆောက်သမ်တန် လူငယ်ကြယ်ပွင့် လာဗီယာကို နံပါတ်တစ်ပစ်မှတ် အဖြစ် သတ်မှတ်ထားပြီး လီဗာပူးက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ လာဗီယာကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ခဲ့သလို လာဗီယာအတွက် ပထမဦးဆုံး ကမ်းလှမ်းမှု အဖြစ် ပြောင်းရွှေ့ကြေး ပေါင် ၃၇သန်းနဲ့ စတင် ကမ်းလှမ်းခဲ့ပါတယ်။

Photo Credit: Team Talk

ဒါပေမယ့် ဆောက်သမ်တန်က လီဗာပူးရဲ့ ကမ်းလှမ်းမှုကို ချက်ချင်း ပယ်ချခဲ့ပြီး သူတို့ရဲ့ လူငယ် ကွင်းလယ်ကြယ်ပွင့် လာဗီယာ အတွက် ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်း အထိ လိုချင်ကြောင်း ပြန်လည် အကြောင်းကြားခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ လီဗာပူးက လာဗီယာအတွက် သူတို့ရဲ့ ပထမဦးဆုံး ကမ်းလှမ်းမှု မအောင်မြင်ခဲ့တဲ့နောက် ဒုတိယအကြိမ် ကမ်းလှမ်းမှု ထပ်မံ လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားပြီး လီဗာပူးက လာဗီယာအတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှု အဖြစ် ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၄၂.၅သန်း + အပိုဆုကြေး ပေါင် ၂.၅သန်း စုစုပေါင်း ပေါင် ၄၅သန်းနဲ့ ကမ်းလှမ်းမယ်လို့ သိရပါတယ်။

Exit mobile version