ပြီးခဲ့တဲ့ပွဲစဉ်တုန်းက ပရီးမီးယားလိဂ်ချန်ပီယံသစ် လီဗာပူးလ်အသင်းကို ဂိုးအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တဲ့ မန်စီးတီးအသင်းဟာ ဒီနေ့ညမှာတော့ ဆောက်သမ်တန်အသင်းနဲ့ စိန့်မေရီကွင်းအတွင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ်(၃၃)ကို ဆင်နွဲခဲ့ရပြီး ဆောက်သမ်တန်က သူတို့ရဲ့အိမ်ကွင်းမှာ မန်စီးတီးကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။

မန်စီးတီးအသင်းက အဓိကကွင်းလယ်လူ ဒီဘရိုင်းကို လူစာရင်းကနေ ချန်လှပ်ခဲ့ပြီး ဂျေဆူး စတာလင်း မာရက်ဇ် ဘာနာဒိုဆေးဗား ဒေးဗစ်ဆေးဗား ဖာနန်ဒင်ဟို ဇင်ချန်ကို လာပေါ့တ် ကန်ဆယ်လို ဂါဆီယာနဲ့ အီဒါဆန်တို့ကို အသုံးပြုလာခဲ့သလို အိမ်ရှင်ဆောက်သမ်တန်ဘက်မှာလည်း ဒင်နီအင့်စ် ချီအဒမ် ရက်ဒ်မွန် ရိုမီယု ဝက်စ်ပရောက်စ် အမ်းစထရောင်း ဝေါ်ကာပီတာစ် စတီဖန်စ် ဘတ်နာရက်ဒ် ဘာထရန် မက္ကာသီတို့ ပါဝင်လာခဲ့ပါတယ်။ ဆောက်သမ်တန်က မန်စီးတီးနဲ့တွေ့တိုင်းမှာ ခံစစ်ကို အကျစ်လစ်ဆုံးပုံစံ ကစားတတ်ပြီး နေရာလွတ်တွေမရအောင် ကစားခဲ့လို့ မန်စီးတီးတို့ တိုက်စစ်ဆင်ရမှာ အကြိမ်ရေများစွာ တိုက်စစ်ကို ထိထိရောက်ရောက် မဆင်နိုင်ခဲ့သလို ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေကိုလည်း မက္ကာသီက အံ့အားသင့်စဖွယ် လက်စွမ်းတွေနဲ့ ကာကွယ်ခဲ့ပါတယ်။ ဒါ့အပြင် ဆောက်သမ်တန်က (၁၆)မိနစ်မှာလည်း သွင်းဂိုးတစ်ဂိုးကို ပိုင်ဆိုင်ခဲ့ပြီး ဇင်ချန်ကိုရဲ့ ပေါ့လျော့မှုကနေ ရရှိလာတာကို ချီအဒမ်က အဝေးက လှမ်းကန်သွားရာ ဂိုးအရှေ့ရောက်နေတဲ့ အီဒါဆန် မဖမ်းနိုင်ခဲ့ပဲ ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာကတည်းက သွင်းဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် လွဲချော်နေခဲ့ရတဲ့ မန်စီးတီးဟာ ဒုတိယပိုင်းမှာလည်း တစ်သင်းလုံးနီးပါး တိုက်စစ်ဆင်ကစားပြီး ဂိုးကန်သွင်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် မက္ကာသီ ကာကွယ်နိုင်ခဲ့သလို ဆောက်သမ်တန်နောက်တန်းကလည်း Block လုပ်နိုင်ခဲ့ပါတယ်။ ချေပဂိုးပြန်ရဖို့ မဖြစ်မနေ လိုအပ်လာခဲ့တဲ့ မန်စီးတီးအသင်းက ဒီဘရိုင်းနဲ့ဖိုဒန်တို့ကို ထည့်သွင်းလာခဲ့ပြီး တိုက်စစ်ကို ပိုမိုမြင့်တင်လာခဲ့ပေမယ့် ဆောက်သမ်တန်ခံစစ်ကလည်း ဟန်မပျက်ပဲ ထိန်းသိမ်းကစားနိုင်ခဲ့သလို ကောင်တာတွေကိုလည်း ခြိမ်းခြောက်နိုင်ခဲ့ပါသေးတယ်။ ပွဲပြီးဆုံးချိန်ထိ တရစပ်တိုက်စစ်ဆင်နေတဲ့ မန်စီးတီးတိုက်စစ်ကို ပွဲချိန်ပြည့်တောင့်ခံပြီး အဖိုးတန်နိုင်ပွဲကို ဆောက်သမ်တန်တို့ ပိုင်ဆိုင်သွားခဲ့ရပါတယ်။