ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ ပြင်သစ်တို့ရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ လူးဝစ် ဆာဟာက သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့် နွေဈေးကွက် အတွင်းမှာ စာချုပ်ဖျက်သိမ်းကြေး ယူရို ၅၀သန်းနဲ့ ခေါ်ယူနိုင်မယ့် ဒမ်ဘီလီကို ခေါ်ယူသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား အူစမာနီ ဒမ်ဘီလီက ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး ဒမ်ဘီလီဟာ ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံမှာ ၂၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၈ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၇ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Pundit Area

ဒမ်ဘီလီက ပါရမီ ပါတဲ့ ဘောလုံးသမား တဦး ဖြစ်သလို ပြိုင်ဘက်တွေကို တဦးချင်း လိမ်ခေါက် ဖြတ်ကျော်မှာရာ သူမတူအောင် ထူးချွန်ပြီး သူက ဘာစီလိုနာနဲ့ ယခုနှစ် ဘောလုံးရာသီ အစကမှ စာချုပ်သစ် ချုပ်ဆိုထားတာ ဖြစ်ပေမယ့် သူနဲ့ ဘာစီလိုနာတို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရို ၅၀သန်းသာ ရှိပါတယ်။

အခုခေတ်လို ပြောင်းရွှေ့ကြေး ဖောင်းပွနေတဲ့ ခေတ်ထဲမှာ ဒမ်ဘီလီလို ကစားသမားမျိုးကို ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းထဲနဲ့ ခေါ်ယူခွင့် ရတာဟာ ထိပ်တန်းအသင်းတွေ အတွက် လက်မလွှတ်သင့်တဲ့ အခွင့်အရေးမျိုး ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဆာဟာက သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ကို ဒမ်ဘီလီအား ရအောင် ခေါ်ဖို့ အကြံပေးသွားခဲ့တာပါ။

Photo Credit: Pundit Area

ဆာဟာက – “မန်ယူက ဒမ်ဘီလီကို ခေါ်ဖို့ ကြိုးစားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မန်ယူက ဒမ်ဘီလီကို လျှော့ဈေးနဲ့ ဝယ်ခွင့် ရထားလို့ပါ။ ကျွန်တော်က မန်ယူမှာ အောင်မြင်မှုတွေကို သေချာပေါက် ယူပေးနိုင်မယ့် ကစားသမားတွေပဲ မြင်ချင်ပါတယ်။ ဒမ်ဘီလီက ခင်ဗျားအတွက် သွင်းဂိုးတွေ ၊ ဂိုးဖန်တီးမှုတွေ ယူလာပေးမယ့် ကစားသမားမျိုးပါ။ ဒမ်ဘီလီက ဒီထက် အများကြီး တိုးတက်လာနိုင်တဲ့ ကစားသမား တဦး ဖြစ်ပေမယ့် အခုချိန်အထိ သူ့ရဲ့ အမြင့်ဆုံးခြေစွမ်းကို မမြင်ရသေးတာဟာ အတော်လေး စိတ်ပျက်ဖို့ ကောင်းပါတယ်။ ဒမ်ဘီလီက ဘာစီလိုနာမှာ သူ့ရဲ့ အချိန်တွေကို ဖြုန်းတီးနေသလိုပါပဲ။ ခင်ဗျားတို့တွေ ဆန်ချိုနဲ့ ဒမ်ဘီလီတို့ နေရာပြိုင်လုနေတဲ့ မြင်ကွင်းမျိုးကို မြင်ယောင်ကြည့်စမ်းပါ။ ဒါက အရမ်းကို မှော်ဆန်တဲ့ ပြိုင်ဆိုင်မှုမျိုး ဖြစ်သွားပါလိမ့်မယ်။ ပြီးတော့ ဒမ်ဘီလီကိုသာ ရလိုက်ရင် မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းက အရမ်းကို ကြောက်စရာ ကောင်းသွားပါလိမ့်မယ်” ဆိုပြီး အကြံပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။