ပရီးမီးယားလိဂ် နာမည်ကြီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ၊ အဲဗာတန် စတဲ့ အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူးဟောင်း ဆာဟာ ကတော့ သူ့ရဲ့ အသင်းဟောင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အမြဲတမ်း နည်းပြသစ် အဖြစ် နာမည်ကြီး ပြင်သစ်လူမျိုး နည်းပြဖြစ်သူ ဇီဒန်းကို မြင်တွေ့ချင်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်းတွေထဲက တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရတာကြောင့် အသင်းရဲ့ အမြဲတမ်း နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ဂျာမန် ဘောလုံးဂုရုကြီး ရန်းဂ်နစ်ကို ယာယီနည်းပြ အဖြစ် ခန့်အပ်ထားပါတယ်။

Photo Credit: Caught Offside

ဂျာမန် ဘောလုံးဂုရုကြီး ရန်းဂ်နစ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြအဖြစ် ၆လသာ တာဝန် ထမ်းဆောင်ရဖို့ ရှိနေပြီး ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးသွားရင်တော့ အသင်းရဲ့ အားကစား ဒါရိုက်တာရာထူးကို ပြောင်းလဲ တာဝန်ယူဖို့ ရှိနေကာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ်ကို သူ ကိုယ်တိုင် ဦးဆောင်ပြီး ခန့်အပ်ဖို့ ရှိနေပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြသစ် အဖြစ် ရေပန်းစားနေတဲ့ နည်းပြတွေ ကတော့ အေဂျက်နည်းပြ တန်ဟက်ဂ် ၊ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုနဲ့ ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းတို့ ဖြစ်ပြီး ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် ရံဖန်ရံခါ လုပ်ကိုင်လေ့ ရှိတဲ့ ဆာဟာ ကတော့ သူနဲ့ ပွဲအနည်းငယ် တွဲကစားခဲ့ဖူးတဲ့ ဇီဒန်းကသာ မန်ချက်စတာ ယူနိုက်တက်နဲ့ သင့်တော်တဲ့ နည်းပြတဦး ဖြစ်တယ်လို့ ယူဆကြောင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း အနေနဲ့ ဇီဒန်းကို နည်းပြသစ် အဖြစ် ခန့်အပ်သင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

Photo Credit: Caught Offside

ဆာဟာက – “အခု မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေတဲ့ လူတွေ အားလုံးက တနည်းနည်းနဲ့ သူတို့ရဲ့ အရည်အချင်းကို သက်သေပြထားတဲ့ နည်းပြကောင်းတွေလို့ ထင်ပါတယ်။ ပိုချက်တီနိုကလည်း အဲ့ဒီထဲက တယောက်ပေါ့။ ဒါပေမယ့် သူတို့ထဲကမှ ဂျာဂင် ကလော့ပ်လိုမျိုး အသင်းတသင်းကို တည်ဆောက်နိုင်ပြီး ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်အောင် ဦးဆောင်ပေးနိုင်မယ့် လူကပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့က အသင်းကို ခွန်အားအပြည့်နဲ့ မောင်းနှင်နိုင်မယ့် နည်းပြတဦးကို လိုအပ်ပါတယ်။ ကျွန်တော်တို့တွေ ရက်ဖ်(ရန်းဂ်နစ်) တယောက် ဘယ်လိုပုံစံနဲ့ အသင်းကို ကိုင်တွယ်နေလဲ ဆိုတာ မြင်တွေ့နေရပါတယ်။ သူ့ရဲ့ ပုံစံက လူငယ် ကစားသမားတွေ အများအပြား ရှိနေတဲ့ အသင်းတသင်းကို ကိုင်တွယ်နိုင်တဲ့ နည်းပြတဦးမှန်း သိသာပါတယ်။ ကျွန်တော်ကတော့ ပိုချက်တီနိုကို မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် ဖြစ်လာမယ့်သူလို့ မရွေးချင်ပါဘူး။ ကျွန်တော်က ဇီဒန်းကိုပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြနေရာမှာ မြင်တွေ့ချင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။