ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သူ ဆာဟာက သူ့အသင်းဟောင်းဟာ ဒီရာသီမှာ ကြုံတွေ့နေရတဲ့ တိုက်စစ်အားနည်းချက် ပြဿနာကို ဖြေရှင်းဖို့ အတွက် ဆော်ဒီကလပ် အယ် အတ်တီဟတ်မှာ အဆင်မပြေ ဖြစ်နေတဲ့ ပြင်သစ်ကြယ်ပွင့် တိုက်စစ်မှူး ဘန်ဇီမာကို အငှားနဲ့ ခေါ်ယူသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က အထောင် တိုက်စစ်နေရာမှာ ဟွိုက်လန်းနဲ့ မာရှယ်တို့ နှစ်ဦးထဲသာ ပိုင်ဆိုင်ထားပြီး နှစ်ဦးစလုံးက မကြာခဏ ဆိုသလို ဒဏ်ရာရနေတာကြောင့် ဒီရာသီမှာ သွင်းဂိုးတွေ ရဖို့ အတော်လေး ရုန်းကန်နေရပါတယ်။

Photo Credit: Goal

တိုက်စစ်ပိုင်းက ဂိုးသွင်းအားကျဆင်းမှုရဲ့ နောက်ဆက်တွဲ အဖြစ် မန်ချက်စတာ ယူနိုက်တက်က ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် တန်ဟက်ဂ်ကတော့ ယခု ဆောင်းဈေးကွက် အတွင်းမှာ တိုက်စစ်မှူးသစ် ၁ဦး ခေါ်ယူပေးဖို့ အသင်းရဲ့ တာဝန်ရှိသူ​တွေထံ အသိပေးထားပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်က စတုဂတ် တိုက်စစ်မှူး ဂွီရက်ဆီ ၊ လိုက်ပ်ဇစ် တိုက်စစ်မှူး တီမိုဝါနာ ၊ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ချူပိုမိုတင်နဲ့ ရိုးမားတိုက်စစ်မှူး ဒိုင်ဘာလာတို့ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ လုပ်နေပြီး ပြင်သစ်နဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူးဟောင်း ဆာဟာကတော့ ယူနိုက်တက်ဟာ အယ် အတ်တီဟတ် ကနေ ထွက်ခွာချင်နေတဲ့ ဘန်ဇီမာကို ခေါ်ယူဖို့ ကြိုးစားသင့်ကြောင်း ဆိုလာပါတယ်။

Photo Credit: Euro Sports

ဆာဟာက – “ဘန်ဇီမာဟာ ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းကို လှုပ်လှုပ်ရှားရှား ဖြစ်အောင် လုပ်နိုင်ပါတယ်။ ယူနိုက်တက် လိုအပ်နေတာကလည်း အဲ့ဒါပါပဲ။ ဘန်ဇီမာက ကျိန်းသေပေါက် ဂိုးအများကြီး သွင်းမှာ ဖြစ်သလို တခြားကစားသမားတွေနဲ့လည်း ကောင်းကောင်း ချိတ်ဆက် ကစားပါလိမ့်မယ်။ ဒါက ကျွန်တော့်ရဲ့ အိမ်မက်လို့လည်း ပြောရင် ရပါတယ်။ ကာရင်က အရမ်းကို ပရော်ဖက်ရှင်နယ် ဆန်တဲ့ ကစားသမား ဖြစ်လို့ ဟွိုက်လန်းကလည်း သူ့ဆီကနေ အများကြီး သင်ယူနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော် ဖြစ်စေချင်သလို ဖြစ်လာဖို့ ခက်မယ် ထင်ပါတယ်” ဆိုပြီး ထုတ််််ဖော် ပြောဆိုသွားခဲ့တာပါ။

ဝါရင့် ပြင်သစ်တိုက်စစ်မှူး ကာရင် ဘန်ဇီမာက ပြီးခဲ့တဲ့ နွေဈေးကွက်မှာမှ ရီးရဲလ်မက်ဒရစ် ကနေ အယ် အတ်တီဟတ်ဆီ အလွတ်နဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပေမယ့် သူက အယ် အတ်တီဟတ်ရဲ့ နည်းပြအဖွဲ့ဝင်တွေ ၊ တာဝန်ရှိသူတွေနဲ့ အဆင်မပြေ ဖြစ်နေပြီး နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဘန်ဇီမာဟာ အယ် အတ်တီဟတ်ရဲ့ လေ့ကျင့်ရေးကွင်းကိုတောင် မှန်မှန် မလာတော့ဘူးလို့ သိထားရပါတယ်။