ပြင်သစ်လက်ရွေးစင် အသင်းရဲ့ တိုက်စစ် ကစားသမားဟောင်းကြီး ဖြစ်သူ လူးဝစ်စ် ဆာဟာ က ဒီရာသီ ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ်နိုင်တဲ့ အသင်း ငါးသင်းကို ခန့်မှန်းပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက နည်းပြ ကလော့ပ် ရဲ့ လီဗာပူး အသင်းဟာ ဒုတိယနေရာက မန်စီးတီး အသင်းကို ၁၈ မှတ်အကွာနဲ့ ပြတ်ပြတ်သားသား ဦးဆောင်နိုင်ခဲ့ပြီးတော့ လီဗာပူး အသင်းအနေနဲ့ သူတို့ အသင်းနဲ့ နှစ် ၃၀ လောက် ဝေးကွာနေခဲ့တဲ့ ပထမဆုံးသော ပရီးမီးယားလိဂ် ဖလားကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။ လီဗာပူး အသင်း အနေနဲ့ ယခုလက်ရှိ ရာသီမှာလည်း အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေပေမယ့်လည်း ငါးပွဲအထိ သရေကျထားပြီး တစ်ပွဲရှုံးနိမ့်ထားတာကြောင့် အခြားသော ပြိုင်ဘက်တွေ အတွက် ပရီးမီးယားလိဂ် ဖလားကို မျှော်လင့်လို့ ရသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။

Photo Credit: Sky Sports

ဆာဟာ က မန်စီးတီး၊ တော့တင်ဟမ်၊ မန်ယူနိုက်တက် နဲ့ ချယ်လ်ဆီး စတဲ့ အသင်းတွေဟာ ဒီရာသီ နည်းပြ ကလော့ပ် ရဲ့ ပြိုင်ဘက်တွေ ဖြစ်ကြောင်း ခန့်မှန်း ပြောဆိုလိုက်ပါတယ်။ “ လီဗာပူးက ဒီရာသီ ပရီးမီးယားလိဂ် ဖလားကိုယ်လည်း သေချာပေါက် စိန်ခေါ်နိုင်တဲ့ အသင်းပါ။ ဂျာဂျန် ကလော့ပ်မှာ ပွဲစဉ်တိုင်းကို နိုင်လိုစိတ်ပြင်းပြတဲ့ ကစားသမား အစုအဖွဲ့မျိုး ရှိနေပါတယ်။ သူတို့မှာ ခွန်အားတွေ အများကြီးရှိနေတယ်။ အရာရာတိုင်းက သူတို့ ဖြစ်စေချင်တဲ့ အတိုင်း ဖြစ်မနေတဲ့ အခါမှာ ခင်ဗျားအနေနဲ့ သူတို့ရဲ့ အကျပ်အတည်းကို ခံစားနိုင်တယ်။ ဒါက တစ်ခြားသော ပြိုင်ဘက် အသင်းတွေမှာ မရှိတဲ့ အရည်အချင်းမျိုးပါ။ မန်စီးတီး အတွက်တော့ ဒီရာသီက ပိုခက်ခဲတဲ့ ရာသီ ဖြစ်လာအုန်းမှာပါ ”

Photo Credit: Sky Sports

“ ဘာလို့လဲဆိုရင် ဂိုးဖန်တီးမှု အပိုင်းမှာ ဒေးဗစ် ဆေးလ်ဗား အသင်းကနေ ထွက်သွားပြီး ကတည်းက ကယ်ဗင် ဒီဘရိုင်း တစ်ဦးတည်း ကပဲ အများဆုံး ဖန်တီးပေးနေရတယ်လို့ ခံစားမိလို့ပါ။ မန်စီးတီး အသင်းက လီဗာပူး အသင်းလိုမျိုး ပရီးမီးယားလိဂ်ဖလားကို ရရှိနိုင်တယ်ဆိုတဲ့ အာမခံချက်ကတော့ နည်းပါးလွန်းပါတယ်။ အသင်းလေးသင်း ဒါမှမဟုတ် ငါးသင်း လောက် ပရီးမီးယားလိဂ် ဖလားကို ရဖို့ အခွင့်အရေးရှိတယ်လို့တော့ မြင်ပါတယ်။ အဲ့ဒီထဲမှာ မန်ယူနိုက်တက် သေချာပေါက် ပါဝင်ပါတယ်။ ပြီးတော့ တော့တင်ဟမ်လည်း ထိုနည်းတူပဲ သေချာပေါက် ပါဝင်ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲက ပြိုင်ဆိုင်မှု အတော်လေး ပြင်းထန်တာ‌ကို ကျွန်တော် သဘောကျပါတယ်။ ဘောလုံးပွဲဆိုတာ ဒါမျိုးပဲ ဖြစ်‌နေရပါမယ်။ ခင်ဗျား အနေနဲ့ ပြင်သစ်တို့၊ စပိန်တို့က ဘောလုံးပြိုင်ပွဲတွေကို ကြည့်လိုက်ရင် အမြဲတမ်း ဒီတစ်သင်း၊ နှစ်သင်းလောက်ပဲ ကြည့်စရာရှိတယ်။ အင်္ဂလန်မှာ အခုလို ပြိုင်ပွဲမျိုး မြင်ရတာ အတော်လေးကောင်းပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။