ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ ပြင်သစ်တို့ရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် ရံဖန်ရံခါ လုပ်ကိုင်လေ့ ရှိတဲ့ ဆာဟာကတော့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်နဲ့အတူ ထိုက်သင့်တဲ့ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ မားကပ် သူရမ်နဲ့ မူအာနီတို့ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုတွေကို ရခဲ့ရင် သေချာ စဉ်းစားဖို့ လိုအပ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် မိုချန် ဂလာဘက် တိုက်စစ်မှူး မားကပ် သူရမ်က ယခုနှစ် ဘောလုံးရာသီမှာ ဂိုးသွင်းစွမ်းရည်ကောင်း တခု ပိုင်ဆိုင်ထားတဲ့ တိုက်စစ်မှူး တဦး ဖြစ်ပြီး သူက ဂလာဘက် အတွက် ပြိုင်ပွဲစုံမှာ ၁၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၃ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်နိုင်ခဲ့သလို ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပြင်သစ်အတွက် ဂိုးဖန်တီးမှု ၂ကြိမ် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit: Football London

တဖက်မှာလည်း အသက် ၂၄နှစ် အရွယ် ဖရန့်ဖတ် တိုက်စစ်မှူး မူအာနီက ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ဖရန့်ဖတ်နဲ့အတူ စတင် တောက်ပလာတဲ့ တိုက်စစ်မှူး တဦး ဖြစ်ပြီး သူဟာ ယခုနှစ် ဘောလုံးရာသီမှာ ဖရန့်ဖတ် အတွက် ပြိုင်ပွဲစုံမှာ ၂၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၈ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၁ကြိမ် လုပ်ဆောင်နိုင်ခဲ့ကာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ သွင်းဂိုး ၁ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ကြိမ် ရရှိခဲ့ပါတယ်။

မားကပ် သူရမ်နဲ့ မူအာနီတို့က အရည်အသွေးမြင့် တိုက်စစ်မှူးတွေ ဖြစ်သလို သူတို့ရဲ့ ပြောင်းရွှေ့ကြေးကလည်း ယူရို ၃၀သန်းအောက်သာ ရှိတာကြောင့် တိုက်စစ်မှူး တဦး ခေါ်ယူချင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့နှစ်ဦးကို ခေါ်ယူဖို့ စောင့်ကြည့်မှုတွေ ပြုလုပ်ထားပါတယ်။

Photo Credit: Football London

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သူ ဆာဟာက သူရမ်နဲ့ မူအာနီတို့ကို မန်ချက်စတာ ယူနိုက်တက်နဲ့ ပတ်သတ်ပြီး သတိပေးမှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ဆာဟာက မန်ချက်စတာ ယူနိုက်တက်ဟာ တည်ဆောက်ဆဲအသင်း ဖြစ်တာကြောင့် အခုချိန်မှာ ယူနိုက်တက်ဆီ ပြောင်းဖို့ ဆိုရင် ၂ခါပြန် စဉ်းစားရန် လိုအပ်ကြောင်း ဆိုလာပါတယ်။

ဆာဟာက – “မားကပ် သူရမ်နဲ့ ကိုလို မူအာနိတို့က ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ကြီးမားတဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တဲ့ ကစားသမားတွေပါ။ သူတို့က ခက်ခဲတဲ့ အချိန်တခုမှာ အသင်းအတွက် ဝင်ရောက် ကစားပေးခဲ့ရပေမယ့် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးက တည်ငြိမ်မှု အပြည့် ရှိခဲ့သလို ထိပ်တန်း ကစားသမားတွေလည်း ဖြစ်ပါတယ်။ အခုချိန်မှာတော့ လူငယ် ကစားသမားတွေက မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းဖို့ ဆိုရင် သေသေချာချာလေး စဉ်းစားဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အရမ်းကို ကောင်းတဲ့ ကစားသမားတွေတောင် မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်သွားရင် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်တတ်ရလို့ပါ။ ကျွန်တော်က သူတို့ကို ယူနိုက်တက်ဆီ မသွားဖို့ ပြောနေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခုချိန်မှာ ယူနိုက်တက်က ခက်ခဲတဲ့ ကာလတခုကို ဖြတ်သန်းနေရတာပါ။ ဒါကြောင့် သူတို့က ခြေစွမ်းကောင်းတွေ ရနေရုံနဲ့ ယူနိုက်တက်ဆီ ပြောင်းလို့ မရပါဘူး။ အဲ့ဒီမှာ အသားကျဖို့လည်း လိုအပ်ပါတယ်။ သူတို့နှစ်ယောက်လုံးက တကယ်ကို ကောင်းတဲ့ ကစားသမားတွေပါ။ ဒါကြောင့် ကျွန်တော်ကတော့ သူတို့ကို အသင်းပြောင်းမယ့် ဆုံးဖြတ်ချက် (မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းဖို့) ချတော့မယ် ဆိုရင် ၂ခါပြန် စဉ်းစားဖို့ လိုမယ်လို့ပဲ ပြောချင်ပါတယ်” ဆိုပြီး အကြံပေးသွားခဲ့တာပါ။