MySport Myanmar

ရော်နယ်လ်ဒိုက မန်ယူဆီ ပြန်လာပြီး အမော်ရင်နဲ့ လက်တွဲလိမ့်မယ်လို့ ဆာဟာ သုံးသပ်

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုအနေနဲ့ ယူနိုက်တက်အသင်းဆီ ပြန်လာပြီး အခု ယူနိုက်တက် နည်းပြဖြစ်နေတဲ့ သူရဲ့ လက်ရွေးစင် အသင်းဖော်ဟောင်း ရူဘင် အမော်ရင်နဲ့ပါ ပြန်လည် လက်တွဲလိမ့်မယ်လို့ ယူနိုက်တက် တိုက်စစ်ကစားသမားဟောင်း လူးဝစ် ဆာဟာက သုံးသပ်လိုက်ပါတယ်။

အသက် (၃၉)နှစ်အရွယ် ပေါ်တူဂီ စူပါစတား တိုက်စစ်ကစားသမားကြီး ရော်နယ်လ်ဒိုဟာ ယူနိုက်တက်အသင်းမှာ (၂)ကြိမ်တိုင်တိုင် ကစားခဲ့ဖူးသူ ဖြစ်ပေမယ့် အသင်းနဲ့ ဒုတိယအကြိမ် လက်တွဲရာမှာတော့ ဒုတိယမြောက်ရာသီရဲ့ ရာသီဝက်မှာပဲ ပြဿနာတွေများစွာနဲ့ စာချုပ်ဖျက်သိမ်းပြီး လက်တွဲဖြုတ်ဖြစ်ခဲ့ကြပါတယ်။

Photo Credit : TEAMtalk

လက်ရှိမှာ ရော်နယ်လ်ဒိုက ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဆီ ရောက်ရှိနေပြီး လာမယ့် ၂၀၂၅ ဇွန်မှာ အယ်လ်နာဆာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့်အချိန် ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာနဲ့ပဲ သက်တမ်းတိုးဖို့ ရှိနေသလို သူ့ကို အယ်လ်ဟီလာကပါ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဒီအချိန်မှာ ရော်နယ်လ်ဒိုရဲ့ လက်ရွေးစင် အသင်းဖော်ဟောင်း အမော်ရင်က ယူနိုက်တက် နည်းပြသစ် ဖြစ်လာချိန် ဒါနဲ့ ပတ်သက်ပြီး ဆာဟာက “ခရစ္စတီယာနိုက သူလေးစားရတဲ့ အခန်းကဏ္ဍကနေ ကလပ်ကို ပြန်သွားချင်မယ်လို့ ထင်ပါတယ်။”

Photo Credit : Goal

“သူက အသင်းကနေ ဆိုးရွှားတဲ့ အချက်တွေနဲ့ ထွက်သွားတာမို့ အသင်းရဲ့ တာဝန်ရှိသူတွေက သိပ်သဘောမကျနိုင်ပေမယ့် ကစားသမားတွေနဲ့ ပရိသတ်တွေကတော့ သူပြောခဲ့တာကို နားလည်ကြပါတယ်။ သူပြောခဲ့တာတွေကလည်း မမှားခဲ့ဘူးကိုး။ နောက်ပြီး ခရစ္စတီယာနိုက ရူဘင် အမော်ရင်နဲ့ အချိတ်အဆက်တွေ ရှိပါတယ်။”

“ဒါပေမယ့် ရူဘင်အနေနဲ့ ခရစ္စတီယာနိုက သူ့သူငယ်ချင်းမို့လို အသင်းဆီ ခေါ်ယူမယ်လို့တော့ ကျွန်တော် မထင်ဘူး။ ခရစ္စတီယာနိုက ကလပ်အသင်းအတွက် ကူညီပေးနိုင်မယ်လို့ ယုံကြည်မှသာ သူခေါ်ယူမှာပါ။ ခရစ္စတီယာနိုကလည်း စိန်ခေါ်မှုတွေကို နှစ်သက်တဲ့သူမို့ ပြန်လာဖို့ အခွင့်အရေးသာ ရှိမယ်ဆိုရင် ကလပ်ဆီ ပြန်လာပြီး အသင်းကို ကူညီချင်ပါလိမ့်မယ်။ ပြန်လာဖို့ အခွင့်အရေးရှိမယ်ဆိုရင် သူ ပြန်လာပါလိမ့်မယ်။” လို့ မှတ်ချက်ပြု ပြောဆိုသွားပါတယ်။

Exit mobile version