အာဆင်နယ် နဲ့ မန်စီးတီးအသင်းတို့ရဲ့ ကစားသမားဟောင်း ဘာကရေ ဆက်ဂ်ညာက အာဆင်နယ် ကစားသမားသစ် ကိုင် ဟာဗက်ဇ်က အာဆင်နယ်အသင်းအတွက်တော့ ရော်ဘင် ဗန်ပါစီ လက်သစ်ပဲလို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

ဂျာမနီ လက်ရွေးစင် တိုက်စစ် ကစားသမား ဟာဗက်ဇ်က ဒီနွေဈေးကွက်အတွင်းမှာပဲ ချယ်လ်ဆီးကနေ လန်ဒန် မြို့ခံကလပ် အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး မန်စီးတီးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကွန်မြူနတီဒိုင်း ပွဲအတွင်း ဟာဗက်ဇ်ရဲ့ စွမ်းဆောင်မှုတွေကို ဆက်ဂ်ညာက သဘောကျသွားခဲ့ပါတယ်။

Photo Credit : beIN SPORT

“ကိုင် ဟာဗက်ဇ်က မန်စီးတီးအသင်းနဲ့ ပွဲစဉ်မှာ အထောင် တိုက်စစ်နေရာကနေ အကောင်းဆုံး ကစားပြသွားနိုင်ခဲ့တယ်။ အထူးသဖြင့် မာကြောတဲ့ ခံစစ်မှူးတွေနဲ့ ယှဉ်ကစားချိန်မှာပေါ့။ ကျွန်တော်က သူ ဒီလို ခံစစ် ကစားသမားတွေနဲ့ ကစားရချိန်မှာ ရုပ်ပိုင်းဆိုင်ရာ အားနည်းမှုတွေ ရှိမယ်လို့ ယူဆထားမိသေးတာ။ ဒါပေမယ့် သူက ထက်ထက်မြက်မြက်နဲ့ပဲ ကစားသွားခဲ့တယ်။”

“သူက သူရဲ့ ခန္ဓာကိုယ်ပိုုင်းကို အသုံးပြုပြီး ကစားသွားတာ ရော်ဘင် ဗန်ပါစီလိုပါပဲ။ ဖြတ်တင်ဘောတွေ ပေးပို့နိုင်တယ်။ နည်းစနစ်ပိုင်းလည်း အရမ်းကောင်းတယ်။ သူ ဂိုးတွေတော့ သွင်းနိုင်ခဲ့သင့်ပေမယ့် အခွင့်အရေးပေါင်းများစွာကိုတော့ ဖန်တီးပေးနိုင်ခဲ့တယ်။”

“ဒါက အပြုသဘောဆောင်ရမယ့် အရာတစ်ခုပါပဲ။ ဒါပေမယ့် အာဆင်နယ်အသင်းကတော့ အထောင် တိုက်စစ်နေရာအတွက် ကစားသမားတစ်ဦးလောက် လိုအပ်နေပါသေးတယ်။ တကယ်လို့ အာဆင်နယ်သာ နံပါတ် (၉) တိုက်စစ်မှူးတစ်ဦး ရခဲ့မယ်ဆိုရင်တော့ အသင်းရဲ့ အင်အားက အရမ်းကို တောင့်တင်းသွားမှာပါ။”

“ပြီးခဲ့တဲ့ရာသီတုန်းက ပန်းဝင်ခါနီး ဒဏ်ရာပြသာနာတွေ ကြုံရခြင်းက အာဆင်နယ်အတွက် အရမ်းကို နစ်နာစေခဲ့ရတယ်။ အဲ့ဒီအချိန်မှာ မန်စီးတီးက တကယ့်ကို အမိုက်စား ကစားသမား အင်အားကို ပိုင်ဆိုင်ထားတာမို့ အလွယ်တကူပဲ ကစားသမား အပြောင်းအလဲတွေ သုံးနိုင်ခဲ့တယ်။ ဆလီဘာ နဲ့ ဂျေဇူးတို့ ဒဏ်ရာတွေက အသင်းအပေါ် အတော်လေး သက်ရောက်မှု ရှိခဲ့ရတယ်” လို့ ဆက်ဂ်ညာက ပြောဆိုသွားခဲ့ပါတယ်။