MySport Myanmar

ဂျာမန်စူပါဖလား မယှဉ်ပြိုင်ခင်မှာ လီဗာပူးလ်ပွဲကို အားပေး ကြည့်ရှုခဲ့သေးတဲ့ မာနေး

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဆီနီဂေါ တိုက်စစ်ကစားသမား ဆာဒီယိုမာနေးက မနေ့ညက ဘိုင်ယန်အသင်းနဲ့အတူ ဂျာမန်စူပါဖလားပြိုင်ပွဲကို မဆင်နွဲခင်မှာ သူရဲ့အသင်းဟောင်း လီဗာပူးလ်အသင်းနဲ့ မန်စီးတီးအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြတဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်ကို အရင်ဆုံး ကြည့်ရှုအားပေးခဲ့တယ်လို့ ဂျာမန်သတင်းစာ Blid မှာ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Bayern Munich

နွေဈေးကွက်အတွင်း လီဗာပူးလ်အသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဆီနီဂေါလက်ရွေးစင် တိုက်စစ်ကစားသမား မာနေးဟာ မနေ့ညက လိုက်ပ်ဇစ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ဂျာမန်စူပါဖလားပြိုင်ပွဲမှာ အသင်းအတွက် သွင်းဂိုးတစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ဂျာမန်စူပါဖလားကိုပါ ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။ ဘိုင်ယန်ကို မရောက်ရှိခင်က လီဗာပူးလ်အသင်းမှာ (၆)နှစ်လောက်အထိ ကျင်လည်ခဲ့တဲ့ မာနေးဟာ လီဗာပူးလ်အပေါ်မှာ ချစ်မြတ်နိုးစိတ်တွေ သံယောဇဉ်တွေ ရှိနေသေးတာကြောင့် ဘိုင်ယန်နဲ့ လိုက်ပ်ဇစ်ပွဲ မစတင်ခင်မှာ သူ့အသင်းဟောင်းရဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်ကို စောင့်ကြည့် အားပေးခဲ့တယ်လို့ Blid ဂျာနယ်လစ် ခရစ္စတီယန်ဖော့ခ်က ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Sky Sport

မာနေးရဲ့အသင်းဟောင်း လီဗာပူးလ်ဟာ မနေ့ညက ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းနဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်ကို ယှဉ်ပြိုင်ခဲ့ရာ လီဗာပူးလ်က အာနိုး ဆာလာနဲ့ ကစားသမားသစ် နူနက်ဇ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ယူပြီး ၂၀၀၆ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကွန်မြူနတီဒိုင်း ချန်ပီယံ ဖြစ်လာခဲ့ရသလို ပြိုင်ပွဲတလျှောက်မှာလည်း အာဆင်နယ်အသင်းနဲ့အတူ (၁၆)ကြိမ်နဲ့ ဒုတိယ အအောင်မြင်ဆုံး အသင်းအဖြစ်နဲ့ပါ ပူးတွဲရပ်တည်နိုင်ခဲ့ပါတယ်။ မာနေးရဲ့ အသင်းဟောင်း လီဗာပူးလ်က ရာသီကြို အဖွင့်ဖလားဖြစ်တဲ့ ကွန်မြူနတီဒိုင်းမှာ အောင်မြင်နိုင်ခဲ့ရုံမကပဲ မာနေးရဲ့ လက်ရှိကလပ် ဘိုင်ယန်အသင်းကပါ လိုက်ပ်ဇစ်ကို အနိုင်ယူခဲ့ပြီး ပြိုင်ပွဲရဲ့ (၁၀)ကြိမ်မြောက် ချန်ပီယံ ဖြစ်လာခဲ့သလို ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်းအဖြစ်နဲ့ပါ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။ အသက်(၃၀)အရွယ်ရှိ တိုက်စစ်ကစားသမား မာနေးဟာ လီဗာပူးလ်အသင်းမှာ ချန်ပီယံလိဂ် ပရီးမီးယားလိဂ် ဥရောပစူပါဖလား ဖီဖာကလပ်ကမ္ဘာ့ဖလား အက်အေဖလားနဲ့ လိဂ်ဖလားတို့ကို ရယူနိုင်ခဲ့သလို ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

Exit mobile version