ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဆီနီဂေါလက်ရွေးစင်အသင်းတို့ရဲ့ တိုက်စစ်ကစားသမား ဆာဒီယိုမာနေးက သူရဲ့ ဒဏ်ရာအခြေအနေကြောင့် ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးနဲ့ လွဲချော်သွားခဲ့ရပြီ ဖြစ်သလို (၃)လလောက်အထိပါ နားရတော့မှာဖြစ်လို့ ပီအက်စ်ဂျီနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲကိုပါ လွဲချော်ရတော့မှာ ဖြစ်ပါတယ်။

 

Photo Credit : Sky Sports

ဆီနီဂေါလက်ရွေးစင် တိုက်စစ်မှူး မာနေးဟာ ဘိုင်ယန်မြူးနစ်နဲ့ ဝါဒါဘရီမင်တို့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ပွဲကို ဆက်လက် ကစားနိုင်ခြင်း မရှိတော့ပဲ လူစားလဲခဲ့ရသလို ဆီနီဂေါနဲ့ပါ ကမ္ဘာ့ဖလားကို လွဲချော်ရနိုင်ဖွယ် ရှိနိုင်တယ်ဆိုပြီး သတင်းတွေ ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီလို အခြေအနေမျိုးမှာ ဆီနီဂေါအသင်းဘက်က အသင်းရဲ့ မာနေးကို world cup squad ထဲ ထည့်သွင်း ရွေးချယ်သွားခဲ့ပြီး ကာတာကို ခေါ်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့ပေမယ့် မာနေးရဲ့ ဒဏ်ရာက ခွဲစိတ်ရမယ့် အခြေအနေထိ ဖြစ်လာခဲ့ရင်း နောက်ဆုံးမှာတော့ မာနေးက ကမ္ဘာ့ဖလားနဲ့ လွဲချော်ရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

Photo Credit : The Mirror

မာနေးဟာ ညာဘက်ခြေဖဝါး အရွတ်ပေါက်ပြဲမှုဒဏ်ရာကို ခံစားနေရတာကြောင့် ကမ္ဘာ့ဖလားအတွက် ဆီနီဂေါနဲ့ မပူးပေါင်းခင် ဘိုင်ယန်မှာပဲ ဆေးကုသမှုတွေ ခံယူရင်း ဒဏ်ရာက ခွဲစိတ်ဖို့ လိုအပ်လာခဲ့တဲ့အတွက် ခွဲစိတ်မှု ခံယူရင်း ကမ္ဘာ့ဖလားနဲ့လည်း လွဲချော်ခဲ့ရသလို မြူးနစ်မှာသာ ဆက်လက် အနားယူရတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျာမန်နာမည်ကျော် သတင်းစာ Blid ရဲ့ ဖော်ပြချက်အရ မာနေးဟာ သူရဲ့ ဒဏ်ရာ ခွဲစိတ်ထားမှု အောင်မြင်ထားပေမယ့် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်ဖို့ ရှိနေသေးတာကြောင့် ဂျာမနီနိုင်ငံ မြူးနစ်မှာပဲ ဆက်လက် ရှိနေရမှာ ဖြစ်သလို (၃)လဝန်းကျင်လောက်ပါ အနားယူရဖို့ ရှိနေတာဖြစ်လို့ ကမ္ဘာ့ဖလားသာမကပဲ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ ထိပ်တိုက် ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ရှုံးထွက်(၁၆)သင်းအဆင့် ပွဲစဉ်ကိုပါ လွဲချော်သွားရနိုင်ဖွယ် ရှိနေပါတယ်။ မာနေးဟာ ဒီနှစ်နွေကမှ လီဗာပူးလ်ကနေ ဘိုင်ယန်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ပြိုင်ပွဲစုံ (၂၃)ပွဲ ကစားပေးထားနိုင်ခဲ့ကာ (၁၁)ဂိုးသွင်း (၄)ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။