ဒီရက်ပိုင်းအတွင်းမှာ ယှဉ်ပြိုင်ကစားသွားတော့မယ့် နိုင်ငံတကာ ပွဲစဉ်တွေအတွင်း အင်္ဂလန်နိုင်ငံဘက်ကနေ ကိုဗစ်ဂယက်ကြောင့် သွားလာခွင့် ပိတ်ပင်ထားတဲ့ နိုင်ငံတွေကိုဆီ လက်ရွေးစင်တာဝန်တွေ ထမ်းဆောင်ဖို့ သွားရောက်ရမယ့် ကစားသမားတွေဟာ နိုင်ငံပွဲစဉ်တွေအပြီး ကလပ်အသင်းရှိရာ အင်္ဂလန်နိုင်ငံဆီ ပြန်လာမယ့်အချိန်မှာ သီးသန့် Quarantine ဝင်ရမှာဖြစ်လို့ ကလပ်အသင်းရဲ့ ပွဲစဉ်တချို့ကို လွဲချော်ရဖွယ် ရှိနေရသလို လီဗာပူးလ်အသင်းဆိုရင်လည်း ဒီအခြေအနေတွေကြောင့် အသင်းရဲ့ ထိပ်တန်းကစားသမား (၄)ယောက်လောက်အထိပါ အနားပေးရဖွယ် ရှိနေပါတယ်။

Photo Credit : This is Anfield

လီဗာပူးလ်အသင်းရဲ့ ဘရာဇီးကစားသမားတွေဖြစ်တဲ့ ဂိုးသမားအယ်လီဆန်နဲ့ ကွင်းလယ်ခံစစ်ကစားသမား ဖာဘင်ဟိုတို့ဟာ ဘရာဇီးလက်ရွေးစင်အသင်းနဲ့အတူ ဗင်နီဇွဲလား ကိုလံဘီယာအသင်းတွေရဲ့ အိမ်ကွင်းတွေမှာ သွားရောက်ကစားရမှာဖြစ်သလို ဥုရုဂွေးကိုလည်း အိမ်ကွင်းမှာ ဧည့်ခံသွားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တောင်ပံတိုက်စစ်ကစားသမား ဆာဒီယိုမာနေးမှာလည်း ဆီနီဂေါအသင်းနဲ့အတူ နမ်မီဘီယား တောင်အာဖရိကအသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်သလို ဘယ်နောက်ခံလူ ဆမီကတ်စ်မှာလည်း Red-listed ဖြစ်နေတဲ့ ဂျော်ဂျီယာအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Photo Credit : Goal

ဗြိတိန်အစိုးရဟာ အနီရောင်စာရင်းဝင်အဖြစ် သတ်မှတ်ထားတဲ့ နိုင်ငံတွေက ပြည်တွင်းကို ပြန်လည်ရောက်ရှိလာတဲ့ ဘောလုံးသမားတွေကို ကင်းလွတ်ခွင့်ပေးထားခဲ့ပေမယ့်လည်း ကစားသမားအနေနဲ့ (၁၀)ရက်တာ သီးသန့်နေထိုင်ရဦးမှာဖြစ်ပြီး တစ်ရက်တည်းမှာလည်း လေ့ကျင့်ခန်း ပြုလုပ်ခွင့်ကို တစ်ကြိမ်သာ ခွင့်ပြုမှာ ဖြစ်ပါတယ်။ ဒီလို အခြေအနေကြောင့် တောင်အမေရိကမှာ လက်ရွေးစင်ပွဲစဉ်တွေကို ပါဝင်ဆင်နွဲရမယ့် အယ်လီဆန် ဖာဘင်ဟိုတို့က အောက်တိုဘာ (၁၆) (၁၉)ရက်နေ့တွေမှာ ဝက်ဖိုဒ့် အသက်လက်တီကိုမက်ဒရစ်အသင်းတွေနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်တွေကို လွဲချော်ရတော့မှာ ဖြစ်သလို မာနေး ဆမီကတ်စ်တို့မှာလည်း အယ်လီဆန်တို့နဲ့အတူ အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်ရနိုင်ပါတယ်။ ပိုဆိုးတာကတော့ (၁၆)ရက်နေ့ကနေ (၂၆)ရက်နေ့အထိကို အနားယူရမယ့် အယ်လီဆန်နဲ့ ဖာဘင်ဟိုတို့နှစ်ယောက်ဟာ အောက်တိုဘာ (၂၄)ရက်နေ့အတွင်း မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အင်္ဂလန်ဒါဘီပွဲကိုပါ လွဲချော်ရနိုင်မယ့် အနေအထားတွေပါ ရှိနေရပါတယ်။