အာဆင်နယ်အသင်းမှာ နေရာမရခဲ့လို့ ဘွန်ဒစ်လီဂါပြိုင်ပွဲဆီ ပြန်လည်ရောက်လာခဲ့ရပြီး အဲ့ဒီကနေတစ်ဆင့် ဘိုင်ယန်မြူးနစ်အသင်းဆီကိုပါ ရောက်ရှိခဲ့ရတဲ့ နာဘရီဟာ ဘိုင်ယန်မှာ သူရဲ့အကောင်းဆုံးပုံစံကို စတင်ပုံဖော်လာနိုင်ခဲ့ပြီး အသင်းရဲ့တစ်ရာသီအတွင်း အကောင်းဆုံးကစားသမားဆုအထိပါ ဆွတ်ခူးခဲ့တဲ့အပြင် အခုဆိုရင်လည်း အသင်းနဲ့အတူ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ဖိုင်နယ်အဆင့်ထိကို တတ်ရောက်လာခဲ့ပြီဖြစ်ပြီး ကစားသမားဘဝရဲ့ပထမဦးဆုံး ချန်ပီယံလိဂ်ဖလားကိုပါ ပိုင်ဆိုင်နိုင်ရဖို့က လက်တစ်ကမ်းလှမ်းအလိုကို ရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။

Photo Credit : Goal

အသက်(၂၅)နှစ်အရွှယ်ရှိ ဂျာမန်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား နာဘရီဟာ ၂၀၁၆ခုနှစ်ကမှ အာဆင်နယ်ကနေ ဘွန်ဒစ်လီဂါကလပ် ဝါဒါဘရီမင်အသင်းဆီကို အပြီးသတ်ပြောင်းရွှေ့ကစားခဲ့တာဖြစ်ပြီး တစ်ရာသီအကြာမှာပဲ ဘိုင်ယန်အသင်းကို ရောက်ရှိလာခဲ့ကာ ဟော့ဖန်ဟိမ်းအသင်းဆီ (၂)ရာသီအငှားချခဲ့ပြီးနောက် အသင်းဆီ ပြန်လည်ရောက်ရှိလာခဲ့ပြီး အသင်းရဲ့ပွဲဦးထွက်ကစားသမားတစ်ယောက်ပါ ဖြစ်လာခဲ့တဲ့အပြင် ဂျာမနီလက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံလာရပါတယ်။

Photo Credit : Daily Express

အခုလို ဂျာမန်မြေမှာ ထွန်းတောက်လာခဲ့တဲ့ အာဆင်နယ်အပယ်ခံ နာဘရီနဲ့ပတ်သက်ပြီး အာဆင်နယ်အသင်းရဲ့နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးက “ကျွန်တော်က သူ့ကို အသက်(၁၅)နှစ်လောက်ကတည်းက စတုဂတ်အသင်းကနေ ခေါ်ယူခဲ့တာ။ သူက ဒဏ်ရာပြသာနာတွေနဲ့ အလူးအလဲ ခံစားခဲ့ရသူပါ။ သူက ဖန်တီးမှုအားကောင်းတယ်။ ဂိုးတွေလည်း သွင်းယူနိုင်တယ်။ ဘယ်ခြေညာခြေ နှစ်ဖက်လုံးနဲ့ ကျွမ်းကျွမ်းကျင်ကျင် ကစားနိုင်တယ်။ ပါဝါကောင်းတယ်။ ထိုးဖောက်မှုကောင်းတယ်။ ဘယ်ချိန်မှာ ဘယ်လောက်နှုန်းနဲ့ပြေးရမလဲဆိုတာကိုလည်း ပါးနပ်တယ်။ ငယ်ရွှယ်ချိန်တုန်းကတော့ တခြားလူငယ်လေးတွေလိုပဲ သူရဲ့ယိမ်းယိုင်မှုက အလွယ်တကူ ဖြစ်ပေါ်ခဲ့ပေမယ့် ဂျာမန်မြေမှာတော့ သူအရမ်းကို ရင့်ကျက်လာခဲ့တယ်။ ကျွန်တော် အာဆင်နယ်မှာ ကိုင်တွယ်တုန်းကတော့ သူနဲ့က သဘောတူညီချက်ရခဲ့ပါသေးတယ်။ သူ့ကို ကျွန်တော်က ဝက်ဘရွန်းမှာ အငှားချပေးခဲ့တယ်။ သူအသင်းကို ပြန်ရောက်လာတော့ ဒဏ်ရာပြသာနာနဲ့ ရင်ဆိုင်နေရတယ်။ နောက်ပြီး သူက ဂျာမန်မြေဆီပြန်ဖို့ကိုပဲ ဆုံးဖြတ်လိုက်တယ်။ သူ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းမတိုးချင်တော့ဘူးဆိုတာကို ကျွန်တော်အရမ်းစိတ်မကောင်း ဖြစ်မိပါတယ်။ ကျွန်တော်က သူတစ်နေ့ အရမ်းကောင်းတဲ့ ကစားသမားဖြစ်လာမယ်ဆိုတာကို ကြိုသိထားလို့ပါပဲ” လို့ ရှင်းလင်းပြောဆိုလို့သွားခဲ့ပါတယ်။