ဆောင်းဈေးကွက် အတွင်းမှာမှ ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ် ကနေ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ဆီ ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့လာတဲ့ ကွင်းလယ်လူ ဆာဘစ်ဇာကတော့ သူ့ရဲ့ အငှားစာချုပ် ကုန်ဆုံးသွားချိန်မှာ မန်ချက်စတာ ယူနိုက်တက်ဆီ အပြီးသတ် ပြောင်းရွှေ့ ကစားချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် ဩစတီးယား လက်ရွေးစင် ကွင်းလယ်လူ ဆာဘစ်ဇာက လိုက်ပ်ဇစ်ကနေ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ခဲ့ပြီးနောက် ပုံမှန် ကစားခွင့် ရဖို့ ရုန်းကန်ခဲ့ရတာကြောင့် ပြီးခဲ့တဲ့ ဆောင်းဈေးကွက် အတွင်းမှာ ဘိုင်ယန်မြူးနစ် ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့လာခဲ့သူပါ။

Photo Credit: Independent

ဆာဘစ်ဇာက မန်ချက်စတာ ယူနိုက်တက်ဆီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပေမယ့် အသင်းဆီ ရောက်ရောက်ချင်းမှာပဲ ပုံမှန် ကစားခွင့် ရရှိခဲ့ပြီး သူက မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၁၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁ကြိမ်လည်း ရရှိထားပါတယ်။

ဆာဘစ်ဇာက ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်တိုက်စစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူ့ရဲ့ လုပ်အားနှုန်း ကောင်းတဲ့ အချက်ကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ်ရဲ့ စိတ်ကြိုက် ကွင်းလယ်လူ တဦး ဖြစ်နေကာ မန်ချက်စတာ ယူနိုက်တက်က သူ့ကို လာမယ့် နွေဈေးကွက် အတွင်းမှာ အပြီးသတ် ခေါ်ယူဖို့ စဉ်းစားနေပါတယ်။

Photo Credit: Independent

ဆာဘစ်ဇာကလည်း သူ့ကို တန်ဖိုးမထားတဲ့ ဘိုင်ယန်မြူးနစ်ဆီ ပြန်ဖို့ထက် မန်ချက်စတာ ယူနိုက်တက်မှာသာ ဆက်ကစားဖို့ ဆန္ဒရှိနေပြီး နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာလည်း ဆာဘစ်ဇာက သူ့ရဲ့ စိတ်ထဲမှာ မန်ချက်စတာ ယူနိုက်တက် တသင်းထဲသာ ရှိကြောင်း ပြောကြားခဲ့ပါတယ်။

ဆာဘစ်ဇာက – “ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က မန်ချက်စတာ ယူနိုက်တက်မှာ ဆက်ကစားခွင့် ရဖို့ပါပဲ။ ကျွန်တော့်ရဲ့ စိတ်ထဲမှာလည်း မန်ချက်စတာ ယူနိုက်တက် တသင်းထဲပဲ ရှိပါတယ်။ အထူးသဖြင့် တန်ဟက်ဂ်ဆီ ကနေ ရထားတဲ့ ယုံကြည်မှုက ကျွန်တော့်အတွက် အရမ်းကို အရေးပါပါတယ်။ နည်းပြရဲ့ ယုံကြည်မှုကို ရထားတာက အပေါင်းလက္ခဏာဆောင်တဲ့ အရာတခုပါ။ ကျွန်တော်က ကိုယ်ပိုင်နေရာတခုကို ဒီအသင်းမှာ ရှာတွေ့ခဲ့ပါတယ်။ အခုဆို ကျွန်တော်က ပရီးမီးယားလိဂ်ရဲ့ အကြောင်းကို ပိုပြီး သိလာသလို ဒီနေရာထက် ပိုကောင်းတဲ့ နေရာမျိုး မရှိတော့ဘူး ဆိုတာကို ပြောလို့ ရပါပြီ” လို့ သူ့ရဲ့ စိတ်ဆန္ဒကို ထုတ်ဖော် ပြောပြသွားခဲ့တာပါ။