ဂျာမန် ဘွန်ဒက်လီဂါရဲ့ အကောင်းဆုံးအသင်း အဖြစ် သတ်မှတ်ခံထားရတဲ့ ဘိုင်ယန်မြူးနစ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဂျာမန် ပိုကယ်ဖလားပွဲစဉ်မှာ ပြိုင်ဘက် တတိယတန်းကလပ် ဆာဘရူကန်ကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

ဘိုင်ယန်မြူးနစ်က ပိုကယ်ဖလားပြိုင်ပွဲ (၃၂)အသင်းအဆင့် ပွဲအဖြစ် တတိယတန်းကလပ် ဆာဘရူကန်ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ခဲ့ရပြီး အဆိုပါပွဲမှာ ဘိုင်ယန်မြူးနစ်နည်းပြ တူဟယ်လ်က အဓိက ကစားသမား အများအပြားကို အရန် ကစားသမား တချို့နဲ့ ပေါင်းစပ်ကာ ပွဲထုတ်ခဲ့ပါတယ်။

 

Photo Credit: Standard

ဘိုင်ယန်မြူးနစ်က ဆာဘရူကန်ထက် ကစားသမားအင်အားရော ၊ ခြေစွမ်းပိုင်းမှာပါ ပိုမို သာလွန်ခဲ့ပေမယ့် ဆာဘရူကန်က  အိမ်ကွင်းပရိသတ်တွေရဲ့ အားပေးမှုနဲ့ ဘိုင်ယန်မြူးနစ်ကို တတ်စွမ်းသလောက် ခံကစားသွားခဲ့သလို ဦးဆောင်ဂိုး တဂိုး ခွင့်ပြုပြီးမှ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ပြန်လည် သွင်းယူနိုင်ခဲ့တာပါ။

အဆိုပါပွဲမှာ ဘိုင်ယန်မြူးနစ်က ပွဲချိန် ၁၆မိနစ်မှာတင် ဦးဆောင်ဂိုး စတင် ရရှိခဲ့ပြီး သောမတ်စ် မူလာက ဘိုင်ယန်မြူးနစ် အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာပါ။ ဦးဆောင်ဂိုး ရရှိပြီးနောက် ဘိုင်ယန်မြူးနစ်ကပဲ တရစပ် တိုက်စစ်ဆင် ကစားခဲ့ပေမယ့် သွင်းဂိုးတွေ ထပ်မရခဲ့ပဲ ပထမပိုင်း ပြီးခါနီးမှာတော့ ဆာဘရူကန်ရဲ့ ကွင်းလယ်လူ ဆွန်သီမာက အိမ်ရှင်အတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Euro Sports

တဂိုးစီ သရေရလဒ်နဲ့ ပထမပိုင်း ပြီးဆုံးသွားပြီးနောက် ဘိုင်ယန်မြူးနစ်က ဒုတိယပိုင်းမှာ အနိုင်ဂိုးတွေ သွင်းယူနိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးစားခဲ့ပေမယ့် ဆာဘရူကန် ကစားသမားတွေရဲ့ မဆုတ်မနစ် ကြိုးစားမှုတွေကြောင့် သွင်းဂိုးတွေ ရရှိဖို့ ရုန်းကန်ခဲ့ရပြီး ၁-၁ ဆိုတဲ့ ရလဒ်နဲ့ ပွဲပြီးဆုံးတော့မယ်လို့ ယူဆရတဲ့ အချိန်မှာပဲ ဆာဘရူကန်ရဲ့ ဘယ်နောက်ခံလူ ဂေါ့စ်က အိမ်ရှင်အတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။

ဆာဘရူကန်က ဂျာမန် တတိယတန်းကလပ် ဖြစ်သလို တတိယတန်းလိဂ်မှာ အဆင့်၁၅နေရာ အထိ ရောက်ရှိနေတဲ့ အသင်း ဖြစ်တာကြောင့် ဘိုင်ယန်မြူးနစ်ကို အနိုင် ကစားနိုင်ခဲ့တာဟာ သူတို့အသင်းရဲ့ သမိုင်းမှာ အကြီးမားဆုံးနိုင်ပွဲလို့ ပြောလို့ ရပြီး ရှုံးနိမ့်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်ကတော့ သမိုင်းမှာ အဆိုးဝါးဆုံးရှုံးပွဲကို ကြုံတွေ့ခဲ့ရတာပါ။