MySport Myanmar

မာစီယဲလ်ကို ရောင်းချခြင်း မပြုတော့ပဲ အသင်းမှာသာ ဆက်လက် ထားရှိသွားမယ့် တန်ဟက်ဂ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြသစ် အဲရစ်တန်ဟက်ဂ်က ရာသီကြို ခြေစမ်းပွဲစဉ်တွေမှာ ဂိုးတွေမြူးနေတဲ့ တိုက်စစ်ကစားသမား အန်တိုနီမာစီယဲလ်ကို အခုနွေဈေးကွက်အတွင်းမှာ အသင်းကနေ ရောင်းချသွားခြင်း မပြုလုပ်တော့ပဲ အသင်းမှာသာ ဆက်လက် ထားရှိသွားမှာဖြစ်သလို လာမယ့်တစ်ပတ်အတွင်း ခရစ္စတီယာနိုရော်နယ်လ်ဒို အသင်းနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းပြီဆိုရင်တောင် မာစီယဲလ်ကိုပဲ အသင်းရဲ့ ဦးစားပေး တိုက်စစ်ကစားသမားအဖြစ်နဲ့သာ ဆက်သုံးသွားမယ်လို့ သိရပါတယ်။

Photo Credit : The Sun

မန်ယူနိုက်တက်မှာ ပုံမှန်ခြေစွမ်းတွေ ပြသဖို့ ရုန်းကန်နေရသလို အငှားနဲ့ သွားကစားတဲ့ ဆီဗီလာအသင်းမှာလည်း ခြေစွမ်းမပြနိုင်ခဲ့လို့ အငှားစာချုပ်ပြည့်ချိန်မှာ မန်ချက်စတာကိုသာ ပြန်လာခဲ့ရတဲ့ တိုက်စစ်မှူး မာစီယဲလ်ဟာ မန်ယူနိုက်တက်ရဲ့ အရောင်းစာရင်းထဲမှာ ပါဝင်နေတဲ့ ကစားသမား ဖြစ်နေပေမယ့်လည်း နည်းပြတန်ဟက်ဂ်က သူ့ကို ရာသီကြို ခြေစမ်းပွဲစဉ်အတွင်း ယုံယုံကြည်ကြည် ကစားခွင့်ပေးခဲ့ရာကနေ မာစီယဲလ်ကိုယ်တိုင်ကလည်း ခြေစမ်းပွဲ(၃)ပွဲအတွင်း သွင်းဂိုး(၃)ဂိုး သွင်းယူပြီး တန်ဟက်ဂ်ပေးတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချနိုင်ခဲ့ပါတယ်။

Photo Credit : The Sun

အခုလို စွမ်းဆောင်ရည်တွေကြောင့် နည်းပြတန်ဟက်ဂ်က မာစီယဲလ်ဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးလို့ ယူဆလာခဲ့တဲ့အတွက် မာစီယဲလ်ကို အသင်းရဲ့ အရောင်းစာရင်းထဲကနေ ဖယ်ရှားခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘောလုံးရာသီအတွင်း အသင်းရဲ့ လူစာရင်းမှာပါ ပုံမှန် နေရာပေးသွားဖို့အထိ စီစဉ်လာခဲ့တယ်လို့ သိရှိရပါတယ်။ ဒီလို အခြေအနေတွေအပြင် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပွဲစဉ်မှာ အကောင်းဆုံး အချိတ်အဆက်တွေနဲ့ ပုံစံကောင်း ပြသသွားနိုင်ခဲ့ကြတဲ့ ဆန်ချို-မာစီယဲလ်-ရပ်ရှ်ဖို့ဒ်တို့ တိုက်စစ်အတွဲအဖက်ကိုလည်း တန်ဟက်ဂ်ကိုယ်တိုင် သဘောကျနေခဲ့တာကြောင့် လာမယ့် ဘောလုံးရာသီမှာ ဒီ တိုက်စစ် trio အတွဲကို ပွဲအများစုမှာ အသုံးပြုဖွယ်လည်း ရှိနေပါတယ်။ မာစီယဲလ်ရဲ့ စွမ်းဆောင်ရည်တွေအပေါ် ယုံကြည်မှုရှိနေတဲ့ တန်ဟက်ဂ်က လာမယ့် တစ်ပတ်အတွင်း အသင်းရဲ့ စူပါစတား ကစားသမား ရော်နယ်လ်ဒိုသာ အသင်းနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းမယ်ဆိုရင်တောင် အသင်းရဲ့ လက်ကျန်ခြေစမ်းပွဲတွေမှာ မာစီယဲလ်ကိုသာ အသင်းရဲ့ အထောင်တိုက်စစ်မှူးအဖြစ် ပွဲထွက် အသုံးပြုနေဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် တန်ဟက်ဂ်က အသင်းရဲ့ တိုက်စစ်ပိုင်း အင်အားတောင့်တင်းနေစေဖို့အတွက် အသင်းရဲ့ ကစားသမားဟောင်းဖြစ်သူ မန်ဖစ်ဒီပိုင်းကို ဘာစီလိုနာကို ပြန်လည် ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေပါတယ်။

Exit mobile version