ပရီးမီးယားလိဂ် တန်းတက်ကလပ် နော်တင်ဟမ် ဖောရက်စ်ရဲ့ ဒုတိယ အသင်းခေါင်းဆောင် ရိုင်ယန်ရိတ်စ်ကတော့ ယခုတပတ်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လီဗာပူးကို အနိုင်ယူပြီးတဲ့နောက် နောက်တပတ်မှာ ကစားရမယ့် အာဆင်နယ်နဲ့ ပွဲစဉ်မှာလည်း သူတို့အသင်းဟာ အာဆင်နယ်ကို အနိုင်ယူနိုင်ကြောင်း ကြွေးကြော်သွားခဲ့ပါတယ်။

နော်တင်ဟမ် ဖောရက်စ်က ချန်ပီယံရှစ် ကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တန်းတက်လာခဲ့ပြီးနောက် ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပေမယ့် ယခုတပတ်မှာတော့ အင်အားကြီးကလပ် လီဗာပူးကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ လူငယ်တိုက်စစ် အေဝိုနီရီရဲ့ တလုံးထဲသော သွင်းဂိုးနဲ့အတူ အဖိုးတန် နိုင်ပွဲ တပွဲကို ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Nottingham Post

လီဗာပူးကို အနိုင်ရခဲ့တဲ့ ပွဲစဉ်ဟာ နော်တင်ဟမ် ဖောရက်စ် အတွက် ဒီရာသီရဲ့ ဒုတိယမြောက် နိုင်ပွဲ ဖြစ်ခဲ့သလို လီဗာပူးလို အင်အားကြီးအသင်း တသင်းကို ပေးဂိုးမရှိပဲ အနိုင်ရခဲ့တာက သူတို့အသင်းရဲ့ စိတ်ဓာတ်ပိုင်းကို အတော်လေး မြင့်တက်စေခဲ့ပါတယ်။

ဒါကြောင့်ပဲ နော်တင်ဟမ် ဖောရက်စ်ရဲ့ ကစားသမားတွေက လီဗာပူးကို အနိုင်ရခဲ့ပြီးနောက် နောက်တပတ်မှာ ကစားမယ့် အာဆင်နယ်နဲ့ ပွဲစဉ်အတွက် အဆင်သင့် ဖြစ်နေကြပြီး နော်တင်ဟမ် ဖောရက်စ်ရဲ့ ဒုတိယ အသင်းခေါင်းဆောင် ဖြစ်သူ ရိုင်ယန်ရိတ်စ်ကလည်း သူတို့အသင်းဟာ လီဗာပူးကို အနိုင်ရအပြီးမှာ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်ကာ အာဆင်နယ်နဲ့ ကစားရဖို့ မစောင့်နိုင်တော့ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

Photo Credit: Nottingham Post

ရိုင်ယန်ရိတ်စ်က – “ကျွန်တော်တို့က အာဆင်နယ်နဲ့ပွဲကို မြန်မြန်လေး ကစားချင်နေပါပြီ။ ကျွန်တော်တို့က လာမယ့် တနင်္ဂနွေနေ့မှာ ကစားရမယ့် အမ်းမရိတ်တိုက်ပွဲ အတွက် Underdog ဖြစ်နေမှာ သေချာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က သူတို့ကို ယှဉ်ကစားနိုင်တာထက် ပိုတဲ့ အနေအထားမျိုးမှာ ရှိတယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့က လီဗာပူးကို အနိုင်ရပြီးတဲ့နောက် ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်စွမ်း ရှိပါတယ်” လို့ ကြုံးဝါးသွားခဲ့တာ ဖြစ်ပါတယ်။