ကမ္ဘာကျော် Superheroe ဇာတ်ကောင် တစ်ခု ဖြစ်တဲ့ Deadpool အဖြစ် သရုပ်ဆောင်ထားတဲ့ နာမည်ကြီး မင်းသား Ryan Reynolds ကတော့ မကြာခင်မှာပဲ အင်္ဂလန် နေရှင်းလိဂ် အသင်းတစ်သင်း ဖြစ်တဲ့ Wrexham AFC အသင်းရဲ့ ပူးတွဲ အသင်းပိုင်ရှင် ဖြစ်လာတော့မယ် လို့ သိရပါတယ်။ Anti-Hero တစ်ကောင် အဖြစ် လူသိများတဲ့ Deadpool ဇာတ်ကောင် မှာ အံဝင်ခွင်ကျ ဖြစ်အောင် သရုပ်ဆောင် နိုင်ခဲ့တဲ့ Reynolds ဟောလီးဝုဒ်ရဲ့ နာမည်ကြီး မင်းသားတွေထဲက တစ်ဦး ဖြစ်ပြီး ဒေါ်လာဘီလီယံနဲ့ ချီကာ ချမ်းသာသူ တစ်ဦး ဖြစ်တာကြောင့် Wrexham AFC အသင်း အတွက်တော့ အဆင့်မြင့်တန်းတွေ ကို တက်လှမ်းနိုင်ဖို့ အတွက် အကောင်းဆုံး အနေအထား တစ်ခုကို ရရှိလာမှာ အသေအချာပါပဲ။

Photo Credit: Metro

Goal သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ Reynolds ဟာ ” It’s Always Sunny in Philadelphia ” ဆိုတဲ့ TV Show တစ်ခုကို ရိုက်ကူး ထုတ်လွှင့်တဲ့ Rob McElhenney နဲ့ အတူ Wrexham AFC အသင်းကို ပူးတွဲ ပိုင်ဆိုင်မှာ ဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါ သတင်းအပေါ် Wrexham AFC အသင်းရဲ့ ပရိသတ်များအဖွဲ့ ကလည်း အတည်ပြု ပေးထားကာ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ပြုလုပ်ခဲ့တဲ့ Wrexham AFC အသင်းရဲ့ အသင်းတွင်း အထွေထွေ အစည်းအဝေး မှာ အသင်းရဲ့ ပိုင်ရှင်အသစ်ဆီ အသင်းကို လက်လွှဲ ပေးမလား ၊ ယခင်ပိုင်ရှင် ဆီမှာပဲ ဆက်ထားမလား ဆိုတာကို အဆို တင်သွင်းခဲ့ကြပြီး ပိုင်ရှင်အသစ် ရွေးချယ်မယ် ဆိုတဲ့ အဆိုကို ထောက်ခံသူဟာ ၉၇.၅% အထိ ရှိခဲ့တယ် လို့ Wrexham AFC အသင်းရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

Photo Credit: Metro

Wrexham AFC အသင်းရဲ့ ထုတ်ပြန်မှု အရတော့ ” The Wrexham Supporters Trust Board ကနေ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ပြုလုပ်ခဲ့တဲ့အထူး အစည်းအဝေးကို တက်ရောက်ပြီး မဲပေးခဲ့ကြသူတွေ ကို ကျေးဇူးတင်ကြောင်း အရင်ဆုံး ပြောချင်ပါတယ်။ ဒီနေ့ မနက်မှာ မဲကို ရေတွက် ကြည့်တဲ့ အခါမှာတော့ မဲအရေအတွက်ရဲ့ ၉၇.၅ % ဟာ ပိုင်ရှင်အသစ် ပြောင်းဖို့ ထောက်ခံ ခဲ့ကြပါတယ်။ ဒါ့ကြောင့် အသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းလာတဲ့ ကမ်းလှမ်းသူတွေနဲ့ ဆက်ပြီး ဆွေးနွေး သွားမှာ ဖြစ်ကာ လက်ရှိ အချိန်မှာ Wrexham AFC အသင်းကို ဝယ်ဖို့ ကမ်းလှမ်း ထားတဲ့သူ နှစ်ဦး အထိ ရှိနေပါတယ်။ ပထမ တစ်ဦး ကတော့ အမေရိကန် သရုပ်ဆောင် ၊ ဒါရိုက်တာ ၊ ပရိုဂျူဆာနဲ့ ဇာတ်ညွှန်းရေး ဆရာ McElhnney ဖြစ်ပါတယ်။ ဒုတိယ တစ်ယောက် ကတော့ ကနေဒါ သရုပ်ဆောင် ၊ ဒါရိုက်တာ ၊ ပရိုဂျူဆာနဲ့ စီးပွားရေး လုပ်ငန်းရှင် Reynolds ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် Mr.McElhnney နဲ့ Mr.Reynolds တို့ဟာ ဒုတိယ အကြိမ် ပြုလုပ်မယ့် အသင်းတွင်း အစည်းအဝေးမှာ Wrexham AFC အသင်းနဲ့ ပတ်သတ်ပြီး သူတို့ရဲ့ မျှော်မှန်းထားမှုတွေ ကို တင်ပြ သွားရမှာ ဖြစ်ကာ အသင်းရဲ့ အဖွဲ့ဝင်တွေ ကတော့ ပိုင်ရှင် ပြောင်း ၊ မပြောင်းကို ဆက်လက် မဲပေးကြရမှာပါ ” ဆိုပြီး ထုတ်ပြန် သွားခဲ့တာပါ