လက်ရှိအချိန်မှာ ဝေးလ်လက်ရွေးစင်အသင်း ကို ကိုင်တွယ်နေတဲ့ မန်ယူအသင်းရဲ့ ဂန္တဝင် ကစားသမားကြီး ရိုင်ယန်ဂစ်ကတော့ သူနဲ့အတူ မန်ယူအသင်းမှာ တွဲဖက် ကစားခဲ့ဖူးတဲ့ ဂျူဗင်တပ်အသင်းနဲ့ ပေါ်တူဂီအသင်းရဲ့ တိုက်စစ်မှူး စီရိုနယ်ဒိုဟာ သူ့လိုပဲ အသက် ၄၀အရွယ် အထိ ဘောလုံး ကစားနိုင်မယ့်သူ လို့ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ ဝေးလ်လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ်အဖြစ် တာဝန် ထမ်းဆောင်နေတဲ့ ရိုင်ယန်ဂစ်ဟာ ကစားသမားဘဝ တစ်ခုလုံးကို မန်ယူအသင်းမှာသာ ကုန်ဆုံးခဲ့သူ ဖြစ်ပြီး မန်ယူအသင်းမှာ အသက် ၄၀ အရွယ်အထိ ဘောလုံး ကစားခဲ့ပြီးမှသာ ဘောလုံး ကစားသမားဘဝ ကနေ အနားယူကာ နည်းပြဘဝကို ခုန်ကူးလာခဲ့သူ တစ်ဦးပါ။

Photo Credit: Goal

ပေါ်တူဂီအသင်းနဲ့ ဂျူဗင်တပ်အသင်းရဲ့ အဓိက တိုက်စစ်မှူး စီရိုနယ်ဒိုကတော့ လက်ရှိ အချိန်မှာ အသက် ၃၅နှစ်အရွယ် ရှိနေပြီ ဖြစ်ပေမယ့် ထိပ်တန်းခြေစွမ်း တစ်ခုကို ထိန်းသိမ်းထားနိုင်ဆဲ ဘောလုံးသမား တစ်ဦး ဖြစ်ပြီး ယမန်နေ့မှာ ကစားခဲ့တဲ့ ပေါ်တူဂီအသင်းနဲ့ ဆွီဒင်အသင်းတို့ရဲ့ ပွဲစဉ်မှာလည်း ပေါ်တူဂီအသင်းအတွက် တစ်ဦးတည်း သွင်းဂိုးနှစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဆိုပါ သွင်းဂိုးနှစ်ဂိုးကြောင့် လက်ရှိမှာ ရိုနယ်ဒိုရဲ့ နိုင်ငံတကာ သွင်းဂိုးဟာ ၁၀၁ ဂိုးအထိ ရှိလာခဲ့ပြီး ရိုနယ်ဒိုဟာ ကမ္ဘာ့ဘောလုံး သမိုင်းမှာ ဒုတိယမြောက် နိုင်ငံတကာသွင်းဂိုး အများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်နေခဲ့ပါတယ်။ ရိုင်ယန်ဂစ် ကတော့ အသက်အရွယ် ရလာသည့်တိုင်အောင် ထိပ်တန်းခြေစွမ်းကို ထိန်းသိမ်း ထားနိုင်တဲ့ ရိုနယ်ဒိုကို အတော်လေး သဘောကျနေပြီး ရိုနယ်ဒိုဟာ သူ့လိုမျိုးပဲ အသက် ၄၀ အထိ ဘောလုံးကစားနိုင်သူ လို့ ချီးကျူးခဲ့ပါတယ်။

Photo Credit: Goal

ရိုနယ်ဒိုနဲ့ ပတ်သတ်ပြီး ရိုင်ယန်ဂစ်က ” သူက အခုချိန်မှာ မှန်ကန်တဲ့ အသင်းတစ်သင်းကို ရောက်နေပါတယ်။ ကျွန်တော့်တုန်းကလည်း ထိပ်တန်းအသင်း တစ်သင်းမှာ ရှိနေခဲ့ပြီး အသက် ၄၀ ပြည့်တဲ့ အချိန်အထိ ကစားနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ရိုနယ်ဒိုဟာ အသက် ၄၀ ပြည့်သွားတဲ့ အချိန်အထိ ကောင်းကောင်းကြီး ကစားနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူက သူ့ကိုယ်သူ ဂရုစိုက်တယ်။ အစားကို သင့်တော်တာပဲ စားတယ်။ မှန်မှန်ကန်ကန် အနားယူတယ်။ ပြီးတော့ ပွဲစဉ်တွေအတွက် အသက်ရှင်တယ်။ ဒါ့ကြောင့်ပဲ သူဟာ ကျွန်တော် နဲ့ တွဲကစားဖူးသမျှ ကစားသမားတွေထဲမှာ အကောင်းဆုံး ပရော်ဖက်ရှင်နယ် ကစားသမား ဖြစ်နေတာပါ။ ကျွန်တော်ဟာ သူ့ရဲ့ ကစားသမား ဘဝအစမှာ သူနဲ့တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက သူဟာ ဒီလောက် ပမာဏအထိ ဂိုးတွေ သွင်းလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားကြပါဘူး ”

Photo Credit: Goal

” သူဟာ ခင်ဗျားကို စိတ်လှုပ်ရှားစေနိုင်တဲ့ ပါရမီရှင် ၊ ကစားသမားကောင်း တစ်ဦးပါ။ ခရစ္စတီယာနိုဟာ အမြဲတမ်း ကစားပွဲတွေကနေ သင်ယူလေ့ရှိတဲ့ ကျောင်းသားလေး တစ်ဦးပါ။ ပြီးတော့ သူဟာ ကျွန်တော့်လိုပဲ တခြားသူတွေထက် နှာတစ်ဖျား ပိုသာနေအောင် ကြိုးစားလေ့ ရှိပါတယ်။ သူဟာ အမြဲတမ်း Gym မှာ ရှိတတ်ပြီးတော့ သူ ဘယ်လောက် ကောင်းလဲဆိုတာ အမြဲတမ်း တွေးတောနေတတ်သူပါ။ သူဟာ မန်ယူအသင်းနဲ့အတူ တစ်ရာသီအတွင်း ဂိုး၄၀ သွင်းယူနိုင်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကနေစပြီး သူ လုပ်ခဲ့သမျှ အရာအားလုံးက အံ့အားသင့်စရာ ကောင်းလွန်းပါတယ် ” လို့ ပြောကြားသွားခဲ့တာပါ။