မန်ယူအသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်း နဲ့ ဝေးလ် လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ် ဖြစ်သူ ရိုင်ယန် ဂစ်က မန်ယူအသင်းအတွက် ကစားခဲ့စဉ်က အကောင်းဆုံး ကစားသမားတွေမှာ တိုက်စစ်မှူး ရော်နယ်ဒို နဲ့ ကွင်းလယ်လူ ပေါလ် စခိုးလ်တို့ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။ ရိုင်ယန် ဂစ်ဟာ သူ့ရဲ့ ကစားသမား ဘဝ တစ်လျှောက်မှာ မန်ယူအသင်း တစ်သင်းအတွက်သာ ကစားခဲ့ပြီး မန်ယူအသင်းအတွက် (၂၄) နှစ်ကြာ ကစားခဲ့တဲ့ အချိန်မှာ ကစားသမားကောင်းတွေ များစွာနဲ့ တွဲကစားခဲ့ရပေမယ့် ရော်နယ်ဒို နဲ့ ပေါလ် စခိုးလ်ကိုသာ အကောင်းဆုံးလို့ ဆိုပါတယ်။

Photo Credit: Dailymail

တိုက်စစ်မှူး ရော်နယ်ဒိုဟာ မန်ယူအသင်းမှာ ကစားခဲ့စဉ်က (၆) နှစ်ကြာ ကစားခဲ့တဲ့ အချိန်မှာ ပြိုင်ပွဲစုံ ပွဲပေါင်း (၂၉၂) ပွဲ ကစားခဲ့ရာမှာ သွင်းဂိုး (၁၁၈) ဂိုး သွင်းယူခဲ့ပြီး မန်ယူအသင်းနဲ့ အတူ ဥရောပရဲ့ ဂုဏ်သိက္ခာ အရှိဆုံး ချန်ပီယံလိဂ် ဖလား နဲ့ ပရီးမီးယားလိဂ် ဖလားကို ရရှိခဲ့ပါတယ်။ ကွင်းလယ်လူ ပေါလ် စခိုးလ်ဟာလည်း (၉၂) ခုနှစ် မန်ယူ ဂန္တာဝင် အသင်းထဲက တစ်ယောက် ဖြစ်ပြီး ဝေးလ် နည်းပြ ဂစ်ကတော့ တွဲကစားခဲ့ဖူးတဲ့ ကစားသမားတွေထဲမှာ ရော်နယ်ဒို နဲ့ ပေါလ် စခိုးလ်က အကောင်းဆုံး ကစားသမားတွေ ဖြစ်တယ်လို့ အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Dailymail

ဝေးလ် နည်းပြ ရိုင်ယန် ဂစ်ဟာ MUTV Group Chat မှာ တွဲကစားခဲ့ဖူးတဲ့ ကစားသမားတွေမှာ ဘယ်သူက အကောင်းဆုံး ကစားသမားလဲလို့ အမေးခံရတော့ သူက “ကျွန်တော် တွဲကစားခဲ့တဲ့ ကစားသမားထဲမှာ အကောင်းဆုံး ကစားသမားက ရော်နယ်ဒိုပါ။ သူက မန်ယူအသင်းအတွက် အချိန် အနည်းငယ်သာ ကစားခဲ့ပြီး မန်ယူူအသင်းအတွက် တကယ် ခြေစွမ်းပြကစားခဲ့ပါတယ်။ သူ ပိုကောင်းတဲ့ တစ်နေရာကို ပြောင်းသွားခဲ့ပါတယ်”လို့ ပြန်လည် ဖြေကြားသွားလိုက်ပါတယ်။ ဆက်လက်ပြီး ရိုင်ယန် ဂစ်က “ပေါလ် စခိုးလ်ကလည်း ကျွန်တော် တွဲကစားခဲ့တဲ့ သူတွေထဲမှာ အကောင်းဆုံး ကစားသမားပါ။ လေ့ကျင့်ရေး ဆင်းတဲ့ အချိန်မှာ သူ့ရဲ့ အနားကိုတောင် ကပ်လို့ မရပါဘူး။ သူ့ရဲ့ ဦးနှောက်က အခြားသူတွေထက် ပိုလျှင်မြင်ခဲ့တယ်”လို့ ပြောသွားခဲ့ပါတယ်။