မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ဘောလုံးသမားတစ်ဦးဖြစ်တဲ့ ရိုင်ယန်ဂစ်က သူရဲ့အသင်းဟောင်းယူနိုက်တက်အနေနဲ့ အရင်လို ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ပြန်လည်ပိုင်ဆိုင်နိုင်ဖို့အတွက်ဆိုရင် အချိန်အတန်ကြာ စောင့်ဆိုင်းရဦးမှာဖြစ်ပြီး အနည်းဆုံးတော့ (၁၅)နှစ် အနှစ်(၂၀)လောက်အထိကို အချိန်ယူရဖွယ်ရှိတယ်လို့ သူရဲ့ထင်မြင်ချက်တွေကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ယူနိုက်တက်အသင်းဟာ အသင်းရဲ့ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် နောက်ဆုံးကိုင်တွယ်ခဲ့တဲ့ ၂၀၁၃ခုနှစ်ကပဲ ပရီးမီးယားလိဂ်ချန်ပီယံဆုကို နောက်ဆုံးအကြိမ်အဖြစ် ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းကတည်းက ပရီးမီးယားလိဂ်မှာ အောင်မြင်မှုတွေနဲ့ ဝေးကွာနေကာ အဆင့်(၂)နေရာကိုသာ အမြင့်ဆုံးအဖြစ်နဲ့ ရပ်တည်နိုင်ခဲ့ရပါတယ်။ ဒီလို အနေအထားတွေရှိနေတဲ့ ယူနိုက်တက်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံ ပြန်ဖြစ်ဖို့ဆိုရင် လီဗာပူးလ်အသင်းလိုပဲ နှစ်ပေါင်းများစွာ အချိန်ယူရနိုင်တယ်လို့ အသင်းရဲ့ကစားသမားဟောင်းကြီး ရိုင်ယန်ဂစ်ကနေ ပြောဆိုလိုက်ပါတယ်။

Photo Credit : Daily Mail

ရိုင်ယန်ဂစ်က “ဒါပေါ့။ ၁ဝဝရာခိုင်နှုန်းကို မှန်တယ်။ ယူနိုက်တက်တို့ ပရီးမီးယားလိဂ်မှာ ချန်ပီယံပြန်ဖို့ဆိုရင် (၁၅)နှစ် နှစ်(၂၀)လောက်တော့ ကြာနိုင်မယ်။ အထူးသဖြင့်တော့ ယာဂင်ကလော့တို့ ပတ်ဂွာဒီယိုလာတို့ ရှိနေသေးသမျှ ချန်ပီယံဖြစ်နိုင်ဖို့က မလွယ်နိုင်ဘူး။ ကလော့တောင်မှ လီဗာပူးလ်အသင်းကို (၄)နှစ်ကျော်လောက်အထိ ကိုင်တွယ်ပြီးမှ အသင်းက ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့ရတာလေ။ ဆိုတော့ ကလော့ ဘယ်လိုတွေ ဆောင်ရွှက်ခဲ့ရသလဲဆိုတာကို သင်တို့သိဖို့ လိုလိမ့်မယ်။ သူက အသင်းကို နှစ်တိုင်းနှစ်တိုင်း ပိုတိုးတတ်လာအောင် လုပ်ဆောင်ပေးတယ်။ ပြီးတော့ ချန်ပီယံလိဂ်ဖလားလို ဖလားတစ်လုံးကို ရယူပေးတယ်။ ဒီလို အောင်မြင်မှုတွေ ရလာတဲ့အခါမှာ ဖိအားဒဏ်တွေက တဖြည်းဖြည်းကျဆင်းလာပြီး ယုံကြည်မှုတွေက ပိုတိုးလာခဲ့တယ်။ နည်းပြတိုင်း ကစားသမားသစ်ခေါ်ယူမှုတိုင်းက အသင်းအတွက် အမှတ်ပေးလိဂ်ဖလားတစ်ခု ရယူပေးနိုင်လောက်တဲ့အထိ သက်ရောက်မှု ရှိလာနိုင်လိမ့်မယ်လို့ အများက ထင်မြင်ယူခဲ့ကြပေမယ့် တကယ်တမ်းတော့ ဒီလိုမဟုတ်ပါဘူး။ အချိန်အတိုင်းအတာတစ်ခုကတော့ သေချာပေါက်ကြာမြင့်မှာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာ ဝေးလ်စ်လက်ရွေးစင်အသင်းရဲ့နည်းပြအဖြစ်နဲ့ တာဝန်ယူဆောင်ရွှက်လျက်ရှိနေတဲ့ ရိုင်ယန်ဂစ်ဟာ ယူနိုက်တက်အသင်းနဲ့အတူ အောင်မြင်မှုတွေများစွာ ရယူခဲ့ဖူးတဲ့ အသင်းရဲ့ Legend Player တစ်ယောက်ဖြစ်ပြီး ပရီးမီးယားလိဂ်ဆုဖလားပေါင်း (၁၃)လုံးအထိ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။