MySport Myanmar

အသင်းဟောင်း PSV ရဲ့ နည်းပြသစ် ဖြစ်လာတော့မယ့် သရဲနီတပ်သားဟောင်း နစ္စတယ်ရွိုင်း

မန်ချက်စတာယူနိုက်တက် ရီးယဲလ်မက်ဒရစ်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီးတစ်ဦးဖြစ်တဲ့ ဒတ်ချ်တိုက်စစ်မှူးဟောင်းကြီး ရုဒ်ဗန်နစ္စတယ်ရွိုင်းဟာ ကစားသမားဘဝတုန်းက သူရဲ့ကလပ်အသင်းဟောင်း တစ်သင်းဖြစ်ခဲ့ဖူးတဲ့ နယ်သာလန်ကလပ် PSV အသင်းရဲ့နည်းပြသစ်အဖြစ် တာဝန်ယူ ဆောင်ရွှက်သွားဖို့ နီးစပ်နေပြီဖြစ်ပြီး လာမယ့် ဘောလုံးရာသီမှာပဲ စတင် တာဝန်ယူရဖွယ် ရှိနေတယ်လို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : MUFCLatest

လက်ရှိမှာ အသက်(၄၅)နှစ်အရွှယ်ကို ရောက်ရှိနေပြီဖြစ်ပြီး နယ်သာလန်လက်ရွေးစင်အသင်းရဲ့ လက်ထောက်နည်းပြရာထူးရော PSV အသင်းရဲ့ လူငယ်နည်းပြ တာဝန်ကိုပါ ရယူဆောင်ရွှက်နေတဲ့ နစ္စတယ်ရွိုင်းဟာ ကစားသမားဘဝတုန်းက တကယ့်ကို အဆုံးသတ် သေချာတဲ့ တိုက်စစ်မှူးကောင်းတစ်ဦးအဖြစ် ကျော်ကြားခဲ့သူဖြစ်ပြီး ပင်နယ်တီ ဧရိယာထဲ နေရာယူနိုင်မှု လျင်မြန်စွာ ရွှေ့လျားနိုင်မှု အသင်းဖော်တွေရဲ့ ပေးပို့မှုတွေကို သေချာပေါက် အဆုံးသတ်နို်င်မှုတွေနဲ့ ကျော်ကြားခဲ့သူလည်း ဖြစ်ပါတယ်။ ယူနိုက်တက် ရီးယဲလ်တို့လို ထိပ်တန်းကလပ်အသင်းကြီးတွေမှာပါ ပါဝင်ကစားခဲ့ဖူးတဲ့ နစ္စတယ်ရွိုင်းဟာ သူ့အသက် (၃၅)နှစ်အရွှယ်မှာပဲ သူရဲ့ဘောလုံးသမားဘဝကို အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Twitter

ဘောလုံးသမားဘဝကို အဆုံးသတ်ပြီးနောက်ပိုင်း သူရဲ့ဘောလုံးသမားဘဝကို တဆစ်ချိုး ပြောင်းလဲစေခဲ့တဲ့ အသင်းဟောင်းတစ်သင်းဖြစ်တဲ့ PSV အသင်းမှာ သူရဲ့နည်းပြ အတွေ့အကြုံတွေကို စတင်ရယူခဲ့ပါတယ်။ PSV ယူ-၁ရအသင်းရဲ့ နည်းပြအဖြစ် စတင်ဆောင်ရွှက်ခဲ့တဲ့ နစ္စတယ်ရွိုင်းဟာ ယူ-၁၇ ယူ-၁၉အသင်းတွေရဲ့ တိုက်စစ်နည်းပြအဖြစ် တာဝန်ယူခဲ့သလို နောက်ပိုင်းမှာလည်း လူငယ်အသင်းရဲ့ နည်းပြတစ်ဦးအဖြစ် အဆင့်ဆင့် ဆောင်ရွှက်ဖြစ်ခဲ့ပါတယ်။ နစ္စတယ်ရွိုင်းဟာ ၂၀၁၄ခုနှစ်မှာလည်း နည်းပြကြီး ဂူဟစ်ဒင့်ရဲ့ လက်ထောက်နည်းပြအဖြစ် နယ်သာလန်လက်ရွေးစင်အသင်းကို ကြီးကြပ်ခဲ့ရသလို အခုလည်း ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် နယ်သာလန်အသင်းရဲ့ နည်းပြအဖွဲ့ဝင်တွေထဲမှာပါ ပါဝင်လျက် ရှိနေပါတယ်။ အခုလည်း PSV စီနီယာအသင်းကနေ သူတို့ရဲ့ကစားသမားဟောင်းကြီးအတွက် အသင်းရဲ့ အမြဲတမ်းရာထူးကို ကမ်းလှမ်းထားခဲ့ရာ နစ္စတယ်ရွိုင်းဘက်က လက်ခံထားလိုက်ပြီဖြစ်လို့ လာမယ့် ဘောလုံးရာသီမှာပဲ နစ္စတယ်ရွိုင်းကို PSV အသင်း နည်းပြသစ်အဖြစ် မြင်တွေ့လာရတော့မှာ ဖြစ်သလို ဒါဟာလည်း နည်းပြနယ်ပယ်ထဲကို တဖြည်းဖြည်းချင်း ဝင်ရောက်လာခဲ့တဲ့ နည်းပြနစ္စတယ်ရွိုင်းအတွက် ကြီးမားတဲ့ အခွင့်အလမ်းကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

Exit mobile version