MySport Myanmar

PSV နည်းပြဘဝ ပွဲဦးထွက်မှာ ဆုဖလားတွေနဲ့ တာထွက်လှခဲ့သူ နစ္စတယ်ရွိုင်း

ကစားသမားဘဝကနေ အနားယူပြီး နည်းပြနယ်ပယ်ထဲကို ဝင်ရောက်လာသူတွေထဲမှာ အောင်မြင်မှု ရယူနိုင်တဲ့ နည်းပြတွေကို ကြည့်လိုက်မယ်ဆိုရင် ခံစစ်မှူးဟောင်းတွေ ကွင်းလယ်လူဟောင်းတွေပဲ များပါတယ်။ တိုက်စစ်မှူးဟောင်းတွေ ကစားသမားကနေ နည်းပြအဖြစ် ပြောင်းလဲလိုက်ပြီးနောက် အောင်မြင်မှု ရယူနိုင်တာက မရှိသလောက် နည်းပါးပါတယ်။ ဒါပေမယ့် ဒီ ထုံးစံကို နစ္စတယ်ရွိုင်းက ရိုက်ချိုးသွားဖွယ် ရှိနေပါပြီ။

Photo Credit : OffTheBall

နယ်သာလန် ကစားသမားဟောင်းကြီး ရုဒ်ဗန်နစ္စတယ်ရွိုင်းက ကစားသမားဘဝအတွင်း မန်ယူနိုက်တက် ရီးယဲလ်မက်ဒရစ်တို့လို ထိပ်တန်း ကလပ်အသင်းကြီးတွေမှာ ပါဝင်ကစားခဲ့ရင်း အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့အပြင် နယ်သာလန် လက်ရွေးစင်အသင်းအတွက်ကိုလည်း ပွဲပေါင်း (၇၀)အထိ ပါဝင်ထားခဲ့ဖူးပါတယ်။ ပရီးမီးယားလိဂ်ဖလား လာလီဂါဖလား အပါအဝင် ပရီးမီးယားလိဂ်နဲ့ လာလီဂါပြိုင်ပွဲတွေရဲ့ ရွှေဖိနပ်ဆုတွေပါ ပိုင်ဆိုင်နိုင်ခဲ့ရတဲ့ နစ္စတယ်ရွိုင်းက ကစားသမားဘဝကို အဆုံးသတ်ပြီး တစ်နှစ်အကြာမှာပဲ နည်းပြလောကထဲကို ဝင်ရောက်လာခဲ့ပါတယ်။

Photo Credit : Daily Mail

သူရဲ့ ပထမဦးဆုံး ကလပ်အသင်းဖြစ်တဲ့ PSV မှာ ယူ-၁၇အသင်း နည်းပြအဖြစ် စတင် ဆောင်ရွက်ခဲ့တဲ့ နစ္စတယ်ရွိုင်းဟာ ၂၀၁၄မှာလည်း ၂၀၁၄ ဘရာဇီးလ် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် နယ်သာလန်အသင်းရဲ့ နည်းပြအဖွဲ့ဝင်ထဲမှာပါ ပါဝင်ခဲ့သလို PSV ရဲ့ ယူ-၁၇ ယူ-၁၉ နဲ့ အရန်အသင်း နည်းပြတွေအဖြစ်ပါ ဆက်တိုက် တာဝန်ယူခဲ့ပါတယ်။ ဒီလိုကနေ ၂၀၂၂ခုနှစ်မှာတော့ နစ္စတယ်ရွိုင်းဟာ PSV စီနီယာအသင်းကြီးရဲ့ နည်းပြတစ်ဦး ဖြစ်လာခဲ့ရပါတယ်။ ငယ်စဉ်တုန်းက သူ ပါဝင်ကစားခဲ့ဖူးတဲ့ အသင်းမှာ နည်းပြအဖြစ် တာဝန်ယူခဲ့ရတဲ့ နစ္စတယ်ရွိုင်းဟာ နည်းပြဘဝ ပထမဆုံးပွဲစဉ်မှာပဲ 2022 Johan Cruyff Shield ပြိုင်ပွဲမှာ အေဂျက်စ်ကို (3-5) နဲ့ အနိုင်ယူပြီး ဆုဖလားတစ်လုံး စတင် ပိုင်ဆိုင်ခဲ့ရပါတယ်။

Photo Credit : Getty Images

Johan Cruyff Shield ဖလားကတော့ လိဂ်ချန်ပီယံ နဲ့ ရှုံးထွက်ဖလား ချန်ပီယံတို့ ယှဉ်ပြိုင်ရတဲ့ ဆုဖလားပြိုင်ပွဲဖြစ်ပြီး အဲ့ဒီပွဲမှာ နစ္စတယ်ရွိုင်းရဲ့ PSV က အောင်ပွဲခံခဲ့သလို နောက်ထပ် တစ်ကြိမ် အေဂျက်စ်နဲ့ပဲ KNVB Cup (ရှုံးထွက်ဖလား) ဖိုင်နယ်မှာ တိုက်တိုက်ဆိုင်ဆိုင် ထိပ်တိုက် တွေ့ဆုံရင်း မိနစ်(၉၀)အတွင်း တစ်ဖက်တစ်ဂိုးစီ သရေကျနေခဲ့ရာ ပင်နယ်တီ အဆုံးအဖြတ်မှာတော့ PSV က အနိုင်ယူ ဗိုလ်စွဲသွားခဲ့ပြန်ပါတယ်။ ဒါ့အပြင် နစ္စတယ်ရွိုင်းက သူရဲ့ PSV အသင်းကို နယ်သာလန် အမှတ်ပေးလိဂ်မှာပါ အဆင့်(၂)နေရာဆီ ပို့ဆောင်ထားပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့လည်း အလားအလာကောင်းနေရပါတယ်။

Exit mobile version